Home » » ရွှေဘဲ စားသောက်ဆိုင်အနီး ဗုံးတလုံးတွေ့ရှိ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့

ရွှေဘဲ စားသောက်ဆိုင်အနီး ဗုံးတလုံးတွေ့ရှိ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့

Written By Unknown on Monday, October 14, 2013 | 6:49 PM

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အကွက် ၁၃၉၊မေဃဂီရိရပ်ကွက်၊လမ်း၈၀နှင့် ၁၆လမ်းထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်ဘေး လူသွားလမ်းပေါ်တွင် ယနေ့နေ့လည် တစ်နာရီ သုံးဆယ့်ငါးမိနစ်အချိန်က
ယင်းဆိုင် အလုပ်သမားတစ်ဦးမှ လမ်းဘေးတွင် ဂျပ်ဘူးပြာဖြင့် ထုတ်ထားသော အမေရိကန်လုပ်လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူများမှ နေ့လည်သုံးနာရီ အချိန်တွင် အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။

ရွှေဘဲ စားသောက်ဆိုင်မှ အသက်၂၂နှစ်အရွယ်ရှိ အလုပ်သမား အောင်ဆက်ဝေ မှ ယနေ့နေ့လည် တစ်နာရီခွဲ အချိန်ခန့်တွင် အိမ်ရှင်ဦးမျိုးမြင့် တိုက်အိမ်နားတွင် ရပ်ထားသော ကားအား ဖယ်ရှားရာမှ
မသကာင်္ ဖွယ်ဂျပ်ဘူး အကွဲတခုအား တွေ့ရှိရာမှ ဗုံးဟု ယူဆသဖြင့် နယ်မြေခံ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း၊ယင်းရဲစခန်းမှ တဆင့် အမှတ်(၉၁၀) စစ်မြေပြင် အင်ဂျင်နီယာ တပ်သို့ ထပ်မံ အကြောင်းကြား ခဲ့ပြီးနောက် တွေ့ရှိသော ဗုံးဟု ယူဆရသည့်အရာအား ညနေသုံး နာရီအချိန်တွင်
တာဝန်ရှိသူများမှ ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သိရသည်။

တွေ့ရှိရသော ဗုံးအမျိုးအစားမှာ အမေရိကန်လုပ် လက်ပစ်ဗုံး အမျိုးအစားဖြစ်ပြီး ဗုံးအပေါ်တွင် M67 Grenade Hand Freg Deadlyဆိုသည့် စာတန်း ရေးထိုးထားကာ အလေးချိန် ဆယ့်လေး အောင်စနှင့် အလျား သုံးဒဿမ ငါးလက်မရှိကြောင်း၊ ယင်းဗုံးနှင့်အတူ AAဓာတ်ခဲခြောက်လုံး၊ စားပွဲတင်နာရီတလုံးနှင့် လျှပ်စစ်စနစ် တံ တချောင်းအား တွေ့ရှိရကြောင်း၊ ယင်းဗုံးအား water cannonနည်းဖြင့်
ဖောက်ခွဲဖယ်ရှားခဲ့သည်ဟု အမှတ်(၁)စစ်နယ်မြေ အထူး မိုင်းရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိ ဗိုလ်ကြီးတစ်ဦးက ပြောသည်။

ယင်းဗုံးတွေ့ရှိသည့်နေရာ တဝိုက်အား နယ်မြေလုံခြုံရေး အတွက် ၁၆လမ်း ၊ ၈၀x၈၁လမ်းကြား၊လမ်း ၈၀ ၁၅x၁၇လမ်းစသည့် လမ်းများအား ခေတ္တပိတ်ထားပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများမှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

ယနေ့ညနေ လေးနာရီအချိန်ခန့်ကလည်း မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်အတွင်း၊ ၆၂လမ်း၊၂၉x၃၀လမ်းကြားရှိ မက္ခရာကျောင်းတိုင်နံဘေး၊ ရေမြောင်းဘေးတွင် ဗုံးတလုံးထပ်မံတွေ့ရှိခဲ့ပြီး ယင်းတွေ့ရှိခဲ့သော ဗုံးအား ဖယ်ရှားဖောက်ခွဲရန်တာဝန်ရှိသူများမှ လုပ်ဆောင်နေသည်ကိုတွေ့ရှိရသည်။

မန္တလေးမြို့တွင် ယနေ့ညနေပိုင်း၌ ဟိန္ဒူဘာသာဝင်များနှစ်စဉ်ကျင်းပလေ့ရှိသည့် နတ်သမီးရေချပွဲရှိသောကြောင့် ယင်းပွဲလာဘာသာဝင်များဖြင့် မန္တလေးမြို့လမ်းမကြီးများတွင် လူအများအထူးစည်ကားလျက်ရှိစဉ် ယခုကဲ့သို့ဗုံးများတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရှိမြို့ကြီးများတွင် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိခြင်း၊ဗုံးပေါက်ကွဲမှုများ၊ဖြစ်ပွားလေ့ရှိပြီး အောက်တိုဘာလ ကိုးရက်နေ့တွင် ဖြူးမြို့စာတိုက်ရှေ့တွင်ရပ်ထားသော လိုက်ထရပ်ကားပေါ်မှ ပလက်စတစ်လက်လုပ်ဗုံးတလုံး၊အောက်တိုဘာ၁၃ရက်က ရန်ကုန်၊အင်းစိန်စော်ဘွားကြီးပွဲရုံအနီးရှီ ကားမှတ်တိုင်နှင့် ပေလေးဆယ်အကွာရှိ အမှိုက်ပုံတွင် C4 ယမ်းဗုံးတခုအားတွေ့ရှိခဲ့ကာ ပေါက်ကွဲမှုမဖြစ်ခင် ဖယ်ရှားနိုင်ခဲ့သော်လည်း အောက်တိုဘာလ ၁၁ရက်နေ့တွင် တောင်ငူမြို့ ချမ်းမြေ့ဧည့်ရိပ်သာတွင်မူ ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကာ အမျိုးသမီးတစ်ဦးမှာ ယခုချိန်ထိ ဆေးရုံပေါ်တွင် ကုသမှုခံယူနေဆဲဖြစ်သကဲ့သို့ ယင်းပေါက်ကွဲမှုဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၃ရက် မနက်တစ်နာရီအချိန်တွင် ရန်ကုန် အင်းစိန် စော်ဘွားကြိးကုန်းရှိ ကားမှတ်တိုင်နောက်ကျောတွင် လက်လုပ်ဗုံး တလုံးပေါက်ကွဲခဲ့ကာ
ယင်းအဆောက်အဦး ပျက်စီးမှုများ ရှိခဲ့သည်ကိုတွေ့ရသည်။

အောက်တိုဘာကိုးရက်မှ ၁၄ရက်အထိ ငါးရက်အတွင်း ရန်ကုန်၊တောင်ငူ၊ဖြူးနှင့် မန္တလေးမြို့များတွင် ဗုံးစုစုပေါင်း ခြောက်လုံးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဗုံးလေးလုံးအား ဖယ်ရှားနိုင်ခဲ့သည်။

The Union Daily