Home » » သိမ်းဆည်းမြေဧက တစ်ထောင်ကျော် ကျပ်သန်း ၃၀၀ ပေးလျော်မည်ဟုဆို

သိမ်းဆည်းမြေဧက တစ်ထောင်ကျော် ကျပ်သန်း ၃၀၀ ပေးလျော်မည်ဟုဆို

Written By Unknown on Thursday, October 3, 2013 | 1:12 PM

နေပြည်တော်၊ အောက်တိုဘာ ၂

ပခုက္ကူနှင့် ကျောက်ထုလေဆိပ် စီမံကိန်းများအတွက် သိမ်းဆည်းခဲ့သည့် မြေဧက ၁၂၃၉ ဒသမ ၄၃ ဧက အတွက် လျော်ကြေးငွေ ကျပ်သန်းသုံးရာကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ပေးလျော်သွာ...းမည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပခုက္ကူလေဆိပ် စီမံကိန်းအတွက် သိမ်းဆည်းမြေဧက ၉၆၅ ဒသမ ၃၆ ကို လျော်ကြေးငွေ ကျပ်သန်း ၁၅၀ နှင့် ကျောက်ထု လေဆိပ် စီမံကိန်းအတွက် သိမ်းဆည်းမြေဧက ၂၇၄ ဒသမ ၀၇ ကို လျော်ကြေးငွေ ကျပ်သန်း ၁၅၀ အသီးသီး ပေးချေသွားမည် ဖြစ်ကြောင်း ဦးဟံစိန်က ပြောကြားသည်။

အဆိုပါ လေဆိပ် စီမံကိန်းနှစ်ခုတွင် သိမ်းဆည်းခဲ့သော မြေဧရိယာများ အတွက် နစ်နာခဲ့သည့် တောင်သူများကို ကာလပေါက်ဈေးနှင့်အညီ လျော်ကြေးပေးသင့်ပြီး အသုံးမပြုသည့် မြေဧရိယာများကို ပြန်လည် လွှဲပြောင်းပေးသင့်ကြောင်း လွှတ်တော် ကော်မတီက အစီရင်ခံစာတွင် အကြံပြုထားသည်။

အဆိုပါ မြေများကို သိမ်းဆည်းခြင်းမှာ တပ်မတော် အစိုးရလက်ထက် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများ၏ စီမံကိန်းများ ဖြစ်သောကြောင့် လျော်ကြေးငွေ ပေးချေခဲ့ခြင်း မရှိကြောင်း၊ လာမည့် ဘဏ္ဍာနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနက တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ တစ်ဆင့်ပေးချေသွားမည် ဖြစ်ကြောင်း ဦးဟံစိန်က ထပ်လောင်း ပြောကြားသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် မြေဧက ၅၀၀၀ ကျော် သိမ်းဆည်းခဲ့ပြီး မြေယာလျော်ကြေးငွေ ကျပ်သန်း ၁၇၀၀ ကျော်ပေးချေခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို မြေယာကိစ္စများအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းပေးရန် စက်တင်ဘာလအတွင်း အစိုးရက ညွှန်ကြားထားသည်။

The Voice Weekly