Home » » မြန်မာ ၃ သိန်းကျော် ခေတ်သစ်ကျေးကျွန် အဖြစ်ရောက်နေ

မြန်မာ ၃ သိန်းကျော် ခေတ်သစ်ကျေးကျွန် အဖြစ်ရောက်နေ

Written By Unknown on Thursday, October 17, 2013 | 8:39 PM

ဩစတြေးလျ အခြေစိုက် လွတ်လပ်စွာ လျောက်လှမ်းခွင့် ဖောင်ဒေးရှင်း (Walk Free Foundation) က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်ဆိုင်ရာ အညွှန်းကိန်းမှာ မြန်မာနိုင်ငံက လူ ၃ သိန်း ၈ သောင်းကျော်ဟာ ခေတ်သစ်ကျေးကျွန်အဖြစ် ရောက်ရှိနေတယ်လို့ ရေးသားထားပါတယ်။

ကမ္ဘာတ၀န်းလုံးမှာ လူ ၂၉.၈ သန်းဟာ လိင်ကျွန်တွေအဖြစ် လူကုန်းကူးခံရတာ၊ အလုပ်ကြမ်းတွေ အတင်းအကြပ် စေခိုင်းခံရတာ၊ အကြွေးကြောင့် ကျွန်ဘ၀ကို ကျရောက်တာတွေ ရှိနေတယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာက ရေးပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံက လူ ၃ သိန်း ၈ သောင်း ကျော်ကလည်း ခေတ်သစ် ကျေးကျွန် အဖြစ် ကျွန်အပြုခံနေရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

နိုင်ငံပေါင်း ၁၆၂ နိုင်ငံကိုထည့်သွင်းပြီးတော့ ဒီအညွှန်းကိန်းကို ပြုစု သတ်မှတ်ထားတာဖြစ်ပြီး ပျံ့နှံ့နေထိုင်နေတဲ့ လူဦးရေ၊ လူကုန်ကူးခံရမှု၊ အသက်ငယ်ငယ်နဲ့ အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရမှုတွေ ပေါ်မှုတည်ပြီး ခန့်မှန်း တွက်ချက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ခေတ်သစ်ကျေးကျွန်အဖြစ် လူဦးရေ ၁၃ သန်းနီးပါး ကျွန်ပြုခံရကာ အများဆုံး ဖြစ်ပြီး တရုတ်နဲ့ ပါကစ္စတန်တို့က တတိယနဲ့ စတုတ္တ အများဆုံး အဖြစ် ရပ်တည်နေပါတယ်။

နိုင်ဂျေးရီးယား၊ အီသီယိုးပီးယား၊ ရုရှား၊ ထိုင်း၊ ကွန်ဂို ဒီမိုကရစ်တက် သမ္မတနိုင်ငံ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာလည်း လူတွေ ကျွန်အပြုခံရတာ အများဆုံး တိုင်းပြည်တွေ အဖြစ်သတ်မှတ်ထားပါတယ်။

မော်ရီတားနီးယား၊ ဟေတီ၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ နိုင်ငံတွေဟာ အညွှန်းကိန်းမှာ အဆိုးဆုံး နိုင်ငံတွေ ဖြစ်သလို ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်၊ ဆွီဒင်နိုင်ငံတွေဟာ အညွှန်းကိန်းမှာ အကောင်းဆုံး နိုင်ငံတွေအဖြစ် သတ်မှတ်ထားပါတယ်။

အတင်းအကြပ် စေခိုင်းမှု၊ လူကုန်ကူးမှု စတာတွေ အပြင် အကြွေးကြောင့်ဖြစ်စေ အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရတာကြောင့် ဖြစ်စေ ပဋိပက္ခတွေအပါအ၀င် ကလေးတွေကို ရောင်းစား အမြတ်ထုတ်ခံရပြီး လွတ်လပ်မှု အငြင်းခံရတာ တခြားလူတဦးက အကျိုးအမြတ်၊ လိင်အတွက် အသုံးပြုတာတွေကို ခေတ်သစ် ကျေးကျွန် သတ်မှတ်ချက်မှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ကလည်း လူ ၂၁ သန်း နီးပါး အတင်းအကြပ် စေခိုင်းခံရတယ်လို့ ခန့်မှန်းထားပါတယ်။

 by ဒီဗွီဘီ