Home » » ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထုသဘောထားခံယူပွဲ ပုသိမ်မှာကျင်းပ

ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထုသဘောထားခံယူပွဲ ပုသိမ်မှာကျင်းပ

Written By Unknown on Monday, October 21, 2013 | 7:46 AM

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲ နဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံကို ပြင်ဆင်သင့်သလား အသစ်ပြန်လည်ရေးဆွဲသင့်သလား ဆိုတဲ့အပေါ် လူထုသဘောထားခံယူပွဲကို ဧရာဝတီတိုင်း ပုသိမ်မြို့၊ ဆရာဝန်များအသင်း ခန်းမဆောင်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း ၊ တရားရုံးချုပ် ရှေ့နေ ဦးကျော်ဟိုး နဲ့ ဧရာဝတီတိုင်း ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးဝေလှိုင်ထွန်းတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီး အခြေခံဥပဒေကို လက်တွေ့ကျကျ ပြောင်းလဲ ရေး ကို စဉ်းစားဖို့ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပြီး၊ တရားရုံးချုပ်ရှေ့နေ ဦးကျော်ဟိုးက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍအခြေအနေဟာ အရင်ကအတိုင်းပဲရှိနေပြီး၊ လိုအပ်တဲ့ အပြောင်းအလဲ တွေ ပေါ်ပေါက်မလာသေးတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လိုကြောင်း ဆွေးနွေးခဲ့သလို၊ ဦးဝေလှိုင်ထွန်းကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရမယ့်အချက်တွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို NLD အဖွဲ့ဝင်တွေအပါအဝင် ပရိသတ် စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး သိလိုတဲ့အချက်တွေကို ဆွေးနွေးမေးမြန်းပြီးတဲ့နောက် အားလုံးက ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သဘောထားပေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese