Home » » မီးဖိုခန်းမှ အိမ်ရှင်မတို့၏ အကြောက်တရား

မီးဖိုခန်းမှ အိမ်ရှင်မတို့၏ အကြောက်တရား

Written By Unknown on Sunday, October 27, 2013 | 9:36 PM

“ယောက်ျားက မျှစ်ကြော်စားချင်တာ မဝယ်ကျွေးရဲဘူး”
ထိုစကားသံမှာ အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်စန်းက စိုးရိမ်စိတ်ဖြင့် ပြောလိုက်သော စကားသံ ဖြစ်သည်။ ဈေးထဲတွင် ရောင်းချနေသော မျှစ်များသည် အနီရောင် ဆိုးထားသောကြောင့်ဟု ၎င်းကဆိုသည်။
မီးဖိုချောင် စားသောက်ကုန်များတွင် အရောင်ဆိုးထားသည်က မျှစ်တစ်ခုတည်း မဟုတ်။ ငရုတ်သီးမှုန့်၊ ငါးပိ၊ ငရုတ်ဆီ၊ လက်ဖက်၊ ပုစွန်ချဉ်စသည့် စားသောက်ကုန် များတွင်လည်း ဆိုးဆေး အန္တရာယ်က ရှိနေသည်။

မြန်မာနိုင်ငံ၏ စားသောက်ကုန်များသည် တစ်နှစ်တစ်မျိုး မရိုးရအောင် အမျိုးအစားများ တစ်လှည့်စီဖြင့် စားသုံးရန် မသင့်သော စားသောက်ကုန်များ စာရင်းတွင် ထည့်သွင်းခံရာကာ ကင်ဆာ ဖြစ်စေနိုင်သော ဓာတုဗေဒ ရောနှောထားသည့် အစားအသောက်များ ဖြစ်၍ တားမြစ်သည်၊ စားသုံးရန်မသင့်သော အစားအစာများအဖြစ် သတ်မှတ်သည် စသည်အကြောင်း ပြချက်များဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့က ထုတ်ပြန်လေ့ရှိသည်။

စားသောက်ကုန်တွင် ဆိုးဆေး အသုံးပြုမှုနှင့် ပတ်သက်၍ အများစုသည် စားသုံးသူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် Auramine-O နှင့် Rhodamine-B စသည့် ဆိုးဆေးများ အသုံးပြုခြင်း ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖူးသည်။

ဆိုးဆေး အန္တရာယ်ကြောက်သည့် လှိုင်မြို့နယ်မှ အသက် ၄၈ နှစ်အရွယ်ရှိသူ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်စန်းက “ငရုတ်သီးကို အခြောက်ဝယ်ပြီး ကိုယ့်ဟာကိုယ်ပဲ ကြိတ်တယ်။ အသင့်လုပ်တွေ မဝယ်စား တော့ဘူး” ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် စားသောက်ကုန်များတွင် ဆိုးဆေး ထည့်သွင်းသည့် ပြဿနာသည် စီးပွားရေး လောဘသားတို့ကြောင့် စားသုံးသူများအပေါ် ခြိမ်းခြောက်နေသည်မှာ ဆယ်စုနှစ်ခန့် ရှိပြီ ဖြစ်သည်ကို ယင်းကာလတစ်လျှောက် ထုတ်ပြန်မှု ပြုလာခြင်း တို့ကြောင့် သိရသည်။

ယင်းသို့ ဆိုးဆေးပါ အစားအသောက်များ ဈေးကွက်နှင့် စားသုံးသူများကြား ဆက်လက် ရှင်သန်နေသည်မှာ ကျန်းမာရေး ဗဟုသုတ အားနည်းခြင်းကြောင့်လော၊ ယင်းကို ထိန်းချုပ်ရန် ဥပဒေ အားနည်းခြင်းကြောင့်လော၊ တာဝန်ရှိသူတို့က ကြပ်မတ်ရန် လာဘ်စားမှုများ ရှိနေခြင်းကြောင့်လော ဟူ၍ မွေးခွန်းထုတ်စရာ ဖြစ်လာသည်။
ထိုစားသောက်ကုန်များသည် ပြည်တွင်းတွင် သာမက ပြည်ပသို့ တင်ပို့သော စားသောက်ကုန် များတွင်လည်း ဆိုးဆေးများ ပါဝင်မှုကြောင့် နိုင်ငံတကာတွင်လည်း မြန်မာ့စားသောက်ကုန်များ သိက္ခာ ကျဆင်းခဲ့ရသည်။

၂၀၀၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ တင်ပို့သော နနွင်းတွင် အသည်းကင်ဆာ ဖြစ်စေသော အဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin တွေ့ရှိခဲ့သည်။ ထိုနှစ်တွင်ပင် စင်ကာပူနိုင်ငံသို့ တင်ပို့ခဲ့သော နာမည်ကျော် လက်ဖက်များဖြစ်သည့် အရီးတောင်း လက်ဖက်၊ ယုဇနလက်ဖက်၊ ရွှေတုတ် (အကြော်မျိုးစုံ)၊ စိုးဝင်းတံဆိပ်နှင့် ရွှေလက်ဖက်တို့ကို စားသုံးရန် မသင့်သော ဓာတုဗေဒများ ပါဝင်သည်ကို တွေ့ရှိရသဖြင့် ရောင်းချရန် တားမြစ်ခဲ့သည်။
“အဲဒီတုန်းက နာမည်ကြီး လက်ဖက်တွေပါ ဆိုးဆေးတွေသုံးလို့ အဲဒီကတည်းက လက်ဖက် မစားတော့ဘူး။ တောလက်ဖက်သုပ်တော့ စားတယ်” ဟု အသက် ၃၀ ခန်ရှိ လက်ဖက်သုပ် ကြိုက်သူ ရန်ကုန်မြို့နေ ကိုစိုးက သူ၏အဖြစ်ကို ပြောပြသည်။

မြန်မာလူမျိုးတို့ ထမင်းဝိုင်းတွင် စားသောက်ဖွယ်ရာ တစ်မျိုးဖြစ်သော ငါးပိတွင် အနီရောင် ဆိုးဆေးကို အသုံးပြုခဲ့သည့်အတွက် ဆိုးဆေးပါသော စိမ်းစားငါးပိနှင့် ငါးပိထောင်း အမှတ်တံဆိပ် ခုနစ်မျိုးကို ၂၀၁၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင်လည်း ညောင်ပင်လေးဈေး အတွင်းရှိ လက်ဖက်၊ ငါးပိထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီနှင့် ပဲကြီးလှော်တို့တွင် စားသုံးသူများကို ကျန်းမာရေး ထိခိုက်စေသော ဆိုးဆေးများ အသုံးပြုထားသည်ကို တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရားထုတ်ပြန်ခဲ့သည်။ ၂၀၁၂ တွင်လည်း ထိုစားသောက်ကုန်များတွင် ဆိုးဆေး တွေ့ပြန်သည်။

၂၀၁၃ တွင်တော့ ငါးပိ ဖြစ်သည်။ အရောင်းဆိုင်များတွင် တွေ့ခြင်းမဟုတ်။ အရောင်းဒိုင်များတွင် တွေ့သည့် အဆင့်ဖြစ်လာသည်။

Auramine-O နှင့် Rhodamine-B ပါသော ဆိုးဆေးများသည် စားသုံးသူကို လတ်တလောတွင် အဆိပ်အတောက် မဖြစ်စေသော်လည်း ရေရှည်တွင် အသည်း၊ ကျောက်ကပ်နှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်သည့်အပြင် ခန္ဓာကိုယ် ကြီးထွားမှု နှုန်းကိုလည်း ထိခိုက်စေကြောင်းကို မြန်မာနိုင်ငံရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) နှင့် ဆေးသုတေသန ဦးစီးဌာနတို့မှ ဆရာဝန်များနှင့် ဓာတ်ခွဲ ပညာရှင်များ၏ ပြောဆိုချက်အရ သိရသည်။

အမှန်တကယ်မှာ အဝါရောင်ဆိုးဆေး Auramine-O သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူနှင့် သားရေတို့ကို အရောင်ဆိုးသည့် ဓာတုဗေဒ ဆိုးဆေးများ ဖြစ်သည်။
ယင်းဆိုးဆေး သုံးစွဲခဲ့ဖူးသူ အချို့၏ အဆိုအရမူ ဆိုးဆေး သုံးစွဲထားသော ပစ္စည်းများသည် ဆိုးဆေးမသုံးသော ပစ္စည်းများထက် ရောင်းပန်း ပိုလှသည့်အပြင် ကြာရှည် အထားခံသည့်အတွက် အသုံးပြုခြင်း ဖြစ်ကြောင်း ပြောပြသည်။
သာကေတမြို့နယ် (၈) ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးကမူ “ငါးပိဆို စိတ်ချရတဲ့ ဝယ်နေကျဆိုင် မဟုတ်ရင် တခြားဆိုင် မဝယ်ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် နေ့စဉ် စားသောက်နေကြသော ဆန်၊ ဆီ၊ ငရုတ်၊ ငါးပိ၊ လက်ဖက်တို့အပြင် ဟင်းသီးဟင်းရွက်၊ အသားငါးနှင့် အသီးအနှံတို့တွင်လည်း ဆိုးဆေးနှင့် ဓာတုဗေဒ ပစ္စည်းများကို စီးပွားရေး လောဘသမားများက အသုံးပြုကြသည်။
၎င်းတို့ အကျိုးအမြတ် ရရှိရန်အတွက် စားသုံးသူများက ရောဂါအဖြစ်ခံ၊ ငွေကြေး အကုန်ကျခံကာ ဝယ်စားနေရသည့် အနေအထားမျိုး ဖြစ်နေသည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ၏ ဓာတုဗေဒဆိုးဆေး ရောင်းချပါက အရေးယူမည် ဟူသော ကြေညာချက်သည်လည်း စစ်ဆေးတွေ့ရှိမှု အပြီးတွင် ကြေညာချက် ထုတ်ပြန်နေကျ စည်းကမ်း တစ်ခုကဲ့သို့ ဖြစ်လာသည်။
ဆယ်စုနှစ်နီးပါး ဓာတုဗေဒနှင့် ဆိုးဆေးတို့က ခြိမ်းခြောက် ခံရခြင်း ဂယက်ကို စားသုံးသူတို့ ဘယ်အချိန်မှ လွတ်မြောက်နိုင်မည်နည်းဟု စဉ်းစားဖွယ်။

စားသုံးသူများကလည်း ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များထက် အရောင်လှသည့် အစားအသောက်များကို နှစ်သက်ကျခြင်းကလည်း ဆိုးဆေးထည့် စီးပွားရေး သမားများကို ရေရှည် ရပ်တည်စေသကဲ့သို့ ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနက စားသောက်ကုန် ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းများ အတွက် စားသုံးရန် သင့်မသင့်ကို ဓာတ်ခွဲစမ်းသပ် ပေးသကဲ့သို့ ကျန်းမာရေးနှင့် ညီညွှတ်စေရန် စည်းကမ်းများလည်း သတ်မှတ်ထားပြီး လိုက်နာခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈ အရ အရေးယူ ခံရမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

၂၀၁၃ သြဂုတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် အမျိုးသား အစားအသောက် ဥပဒေကို ပြင်ဆင်သည့်အတွက် ဥပဒေတွင် ပုဒ်မ ၂၈ ပုဒ်မခွဲ (က)တွင် ငွေဒဏ် ကျပ် ၃၀၀,၀၀၀ အထိဆိုသည့် ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဆိုသည့် စကားရပ်ဖြင့် အစားထိုးခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှ ကင်ဆာဖြစ်ပွား၍ ဆုံးပါးခဲ့သွားသူ၏ အစ်မဖြစ်သူက“ကျွန်မမောင် ကင်ဆာဖြစ်လို့ ကုတာ သိန်း ၆၀ လောက် ကုန်သွားတယ်။ အသက်ကို ငွေနဲ့ ဆွဲဆန့်ကြည့်တာ မရပါဘူး။ ဆုံးသွားတာပါပဲ” ဟု ဆိုသည်။

အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် နေ့စဉ် စားသောက်နေသော စားသောက်ကုန်များတွင် ကျောက်ကပ်၊ အသည်းနှင့် ကင်ဆာရောဂါ ဖြစ်ပွားစေသော ဓာတုဗေဒ ဆိုးဆေးများနှင့် အခြားဓာတုဗေဒ အာနိသင်များ ပါဝင်လာခြင်းသည် မြန်မာနိုင်ငံရှိ မိသားစု စားသောက်ရေး စီမံရသူ အိမ်ရှင်မများအတွက် စိုးရိမ်စရာ အကြောက်တရားတစ်ခု ဖြစ်လာသည်။

အိမ်ရှင်တစ်ဦးဖြစ်သူ ဒေါ်စန်းတစ်ယောက် အောက်ပါအတိုင်း ပြောဆိုလိုက်ပါသည်။ “ဈေးဝယ်ရင် ဟင်းတွေကို ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလားဆိုပြီး သံသယနဲ့ ကြည့်နေရတယ်”

မင်းထက်စံ

The Voice Weekly