Home » » ထိုင်းလှေများကို ငါးဖမ်းခွင့် မပေးတော့ဟုဆို

ထိုင်းလှေများကို ငါးဖမ်းခွင့် မပေးတော့ဟုဆို

Written By Unknown on Wednesday, October 23, 2013 | 2:54 PM

လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး Fishing Rights အစီအစဉ်နဲ့ မြန်မာ့ပင်လယ်ပြင်ထဲမှာ ၀င်ရောက် ငါးဖမ်းဆီးနေတဲ့ ထိုင်းအပါအ၀င် နိုင်ငံခြား ငါးဖမ်းလှေ အားလုံး ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ငါးလုပ်ငန်း တာဝန်ရှိသူ ဦးနှင်းဦးက ဒီဗွီဘီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့ ၀န်ကြီးအပါအ၀င် ၀န်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်တဲ့ အစည်းအဝေးကနေ အဲလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ထိုင်းငါးဖမ်းလှေတွေဟာ မြန်မာ့ရေပိုင်နက်ထဲမှာ Fishing Rights အစီအစဉ်နဲ့ အခွန်ဆောင်ပြီး ၀င်ရောက် ငါးဖမ်းနေကြပါတယ်။

အဲဒီ အစီအစဉ်အရ အစိုးရအနေနဲ့ ၁ နှစ် ဒေါ်လာ ၁၂ သန်းလောက် အခွန်ငွေ ရတယ်ဆိုပေမယ့် မြန်မာ လုပ်ငန်းရှင်တွေကို ဖမ်းခွင့်ပေးရင်လည်း အဲဒီလောက် အခွန်ငွေ ရနိုင်ကြောင်း၊ ငါးသယံဇာတပြုန်းတီးမှုကိုလည်း ကာကွယ်ရာရောက်မယ့်အပြင် တိုင်းပြည်ရဲ့ ဂျီဒီပီ လည်းတိုးတက်လာနိုင်ကြောင်း ဦးနှင်းဦးက သုံးသပ်ပါတယ်။

ထိုင်းငါးဖမ်းလှေတွေရဲ့ လုပ်ပိုင်ခွင့် သက်တမ်းဟာ လာမယ့် ၂၀၁၄ မတ်လ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ