Home » » ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့တော်စည်ပင်မှ ဝန်ထမ်းတစ်ဦး ဆေးရုံတင်လိုက်ရ

ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့တော်စည်ပင်မှ ဝန်ထမ်းတစ်ဦး ဆေးရုံတင်လိုက်ရ

Written By Unknown on Friday, October 11, 2013 | 4:06 PM

ဌာနတွင်း အစည်းအဝေးတစ်ခုတွင် စကားပြောမိသဖြင့် ဌာနမှူးမှ ခုံပေါ်တက် ၍ မတ်တတ်ရပ်ဒဏ်ပေးခံရသည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ တော်ခန်းမရှိရာ မြတ်ဌာနမှ အသက် ၅၀ နီးပါးအရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦး ယင်းနေ့တွင်ပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း မိသားစုဝင် များ၏ ပြောပြချက်အရ သိရှိရသည်။

"ဖြစ်တာက အောက်တိုဘာ ၂ ရက် နေ့ပါ။ အန်တီသိတဲ့အချိန် သူက ဆေးရုံ ရောက်နေပြီ။ သူ စကားပြန်ပြောနိုင်တဲ့ အချိန်ကျမှ မေးကြည့်တော့ ဒါဘာမှ စကားပြောမိလို့ ဌာနမှူးက သူတို့နှစ်ယောက်ကို ခုန်ပေါ်တက်ပြီး မတ်တတ်ရပ် ခိုင်းတယ်တဲ့။ ပြီးတော့ ဓာတ်ပုံလည်း ရိုက်တယ်တဲ့။ သူ အရမ်းရှက်သွားတယ် လို့ပြောတယ်။ သားပဲ စဉ်းစားကြည့်လေ အသက် ၅၀ နီးပါးရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ကို ခုန်ပေါ်တက်ပြီး မတ်တတ်ရပ် ဒဏ်ပေးတယ်ဆိုတာ၊ သူ့မှာ နှလုံးရောဂါ အခံလည်း ရှိတယ်ဆိုတော့ ရှော့ခ်ဖြစ် သွားတယ်ထင်တယ်"ဟု အဆိုပါဝန်ထမ်း အမျိုးသမီးကြီး၏ မိသားစုဝင်တစ်ဦးက News Watch ဂျာနယ်သို့ ပြောကြား သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၂ ရက်နေ့မှ ၇ ရက်နေ့ ထိ ဆေးကုသမှုခံယူခဲ့ပြီး ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် အိမ်တွင် ခေတ္တပြန် လည်အနားယူနေရပြီး အောက်တိုဘာ ၁၄ ရက်နေ့တွင် ထပ်မံပြသရမည်ဖြစ်ကြောင်း ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ခြင်းမျိုး မဟုတ်သေးဘဲ ထပ်မံကုသမှုခံယူရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

"ဆေးရုံက ၁၄ ရက်နေ့ ပြန်လာ ပြရမယ်ပြောတယ်။ အက်ကိုးဆိုလား ထပ် ရိုက်ရမယ်။ ပြီးမှ ဘယ်လိုကုသရမယ်ဆို တာ ထပ်ပြောမယ်လို့ပြောတယ်"ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။
ဆေးကုသမှုခံယူနေစဉ်ကာလအတွင်း ဌာနနှင့် ဝန်ထမ်းအချို့ လာရောက်၍ ဌာနမှူးမှ မေတ္တာရပ်ခံသည့်အကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ဝန်ထမ်း ၂ ဦးအား မတ်တတ်ရပ်ဒဏ်ပေးခဲ့သည့် ဌာနမှူးအား အခြားဌာနတစ်ခုသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်ကြောင်း သိရသည်။

"ပြောင်းရွှေ့တာဝန်ပေးတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက ပုံမှန်ဌာနပြောင်းရွှေ့ မှုမျိုးပါ။ အဲဒီကိစ္စနဲ့မသက်ဆိုင်ပါဘူး"ဟု မြို့တော်စည်ပင် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးမှ အောက်တိုဘာ ၁၀ ရက်က News Watch ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

နဒီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)