Home » » ရန်ကုန်မြို့လယ်ရှိ ရဲစခန်းများ ရှစ်ထပ် သံကူကွန်ကရစ် အဆောက်အအုံ ဆောက်လုပ်မည်

ရန်ကုန်မြို့လယ်ရှိ ရဲစခန်းများ ရှစ်ထပ် သံကူကွန်ကရစ် အဆောက်အအုံ ဆောက်လုပ်မည်

Written By Unknown on Saturday, October 12, 2013 | 11:20 AM

နေပြည်တော်၊ အောက်တိုဘာ ၁၁

ရန်ကုန်မြို့လယ်ရှိ ရဲတပ်ဖွဲ့စခန်း လေးခုကို ရှစ်ထပ်သံကူ ကွန်ကရစ် အဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ရန်ကုန် မြို့လယ်ရှိ ကျောက်တံတားရဲစခန်း၊ ပန်းဘဲတန်းရဲစခန်း၊ လသာရဲစခန်းနှင့် ဗိုလ်တထောင် ရဲစခန်းတို့ကို (၁၀၀ ပေx ၆၀ ပေ ရှိ) ရှစ်ထပ်သံကူ ကွန်ကရစ်အဖြစ် ၂၀၁၄- ၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်သွားမည် ဖြစ်ပြီး ဆောက်လုပ်မည့် အဆိုပါ ဘက်ဂျက်ငွေကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း တောင်းခံရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ရှင်းပြသည်။

ရန်ကုန်မြို့လယ်ရှိ ရဲစခန်းများသည် အိုမင်း ဟောင်းနွမ်းနေပြီ ဖြစ်သောကြောင့် ပြုပြင်တည်ဆောက်ရန် ကိစ္စကို ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ကိုယ်စားလှယ် ဦးစိုးဝင်းက အောက်တိုဘာ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့လယ်ရှိ အဆိုပါ ရဲစခန်းများသည် အန္တရာယ်ရှိ အဆောက်အအုံ စာရင်းတွင် ပါဝင်နေပြီ ဖြစ်ပြီး ယခုအခါ ပန်းဘဲတန်း ရဲစခန်းနှင့် ကျောက်တံတား ရဲစခန်းမှ ဝန်ထမ်းများကို ပြောင်းရွှေ့နေရာ ချထားခြင်းများ ပြုလုပ်နေရကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ ဒုတိယရဲမှူးတစ်ဦးက The Voice သို့ ပြောကြားသည်။
ရဲစခန်း အဆောက်အအုံအတွင်းမှ လက်နက်တိုက်များ၊ စာရွက်စာတမ်းနှင့် မှတ်တမ်းများသည် ပြည်သူနှင့် နိုင်ငံ လုံခြုံရေးအတွက် အလွန်အရေးကြီးသော အချက်အလက်များ ဖြစ်နေသောကြောင့် ပြင်ဆင် ဆောက်လုပ်ပေးပါက ပိုမိုကောင်းမွန်သော ရလဒ် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အစိုးရ အဖွဲ့အစည်းများ၏ ဘတ်ဂျတ် တောင်းခံငွေသည် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးရခြင်း ဖြစ်သောကြောင့် တကယ်လိုအပ်သော ကိစ္စရပ်များအတွက် အတည်ပြု သွားနိုင်လိမ့်မည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက လာမည့် ဘဏ္ဍာရေးနှစ်အတွက် မှတ်ချက်ပြု ပြောဆိုသည်။

၂၀၁၃- ၁၄ ဘဏ္ဍာနှစ် (ယခုနှစ်) တွင် လမ်းမတော်မြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှ ရဲစခန်းများကို ပြန်လည် တည်ဆောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဗိုလ်တထောင် မြို့နယ်မှ ရဲတပ်ဖွဲ့မှူးရုံးကိုပါ ပြင်ဆင် ဆောက်လုပ်ရန် လျာထားကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

The Voice Weekly