Home » » စစ်တပ်၏အထူးကဏ္ဍကို အဆုံးသတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥရောပတွင် ပြောကြား

စစ်တပ်၏အထူးကဏ္ဍကို အဆုံးသတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥရောပတွင် ပြောကြား

Written By Unknown on Wednesday, October 23, 2013 | 4:01 PM

မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တပ်၏ အထူးအခန်းကဏ္ဍကို အဆုံးသတ်သည့် အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲများ လိုအပ်နေကြောင်း ပြင်သစ်နိုင်ငံ စထရာဘိုးစ်မြို့၌ ဥရောပပါလီမန် ကော် တီနှစ်ရပ်နှင့် ပူးတွဲတွေ့ဆုံရာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

““(မြန်မာရဲ့) ဒီအခြေခံဥပဒေက စစ်တပ်ကိုသာ အထူးအခွင့်အရေးပေးထားရုံမကဘဲ အရင်စစ်အစိုးရနဲ့ ဆက်နွှယ်နေတဲ့သူတွေ အကုန်လုံးကိုပါ အခွင့်အရေးပေးထားပါတယ်။ ကျွန်မတို့မှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရောက်ရှိဖို့ ခရီးအရှည်ကြီးသွားရဦးမှာဖြစ်ပြီး တစ်ခုလုံးအနေနဲ့ ဒီမိုကရေစီနည်းမကျတဲ့ ဒီအခြေခံဥပဒေကြီးကို ပြင်ဆင်နိုင်ဖို့ စတင်ရပါမယ်”” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြောင်းလဲပစ်ရမည်ဟုလည်း ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လကလည်း သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်လိုကြောင်း ပြောထားပြီးဖြစ်သည်။

ဥရောပ ပါလီမန်နှစ်ခုနှင့် တွေ့ဆုံမှုတွင်  အခြေခံဥပဒေအပြောင်းအလဲသည် မြန်မာနိုင်ငံတွင် အဓိကအကျဆုံး တာဝန်ဖြစ်ကြောင်း၊ စစ်တပ်၏ သဘောတူညီမှုရရန် လိုနေကြောင်း ၎င်းကဆိုသည်။  လက်ရှိ အခြေခံဥပဒေ၏ အဓိကရည်ရွယ်ချက်များထဲမှ တစ်ခုမှာ နိုင်ငံရေးတွင် စစ်တပ်၏အထူးကဏ္ဍကို ထိန်းသိမ်းပေးထားရန်ဖြစ်ကြောင်း ဆိုသည်။ 

အဆိုပါ တွေ့ဆုံမှုတွင် ““ကျွန်မတို့ရဲ့ အကြီးမားဆုံးလိုအပ်ချက်ကတော့ အခြေခံဥပဒေပြင်နိုင်ဖို့ပါ။ ဒါမှသာ ဒီမိုကရေစီခရီးလမ်းဆီ ခိုင်မာစွာသွားနိုင်မယ့် ကျွန်မတို့နိုင်ငံအတွက် အခြေခံကျတဲ့ ဥပဒေမူဘောင်တစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။ အခြေခံဥပဒေမပြင်ဆင်ရင်၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်မှာ မဟုတ်ပါဘူး””  ဟု ၎င်းက ဆိုသည်။

—Ref: Bloomberg

7Day Daily