Home » » ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ်ထားဆဲ

ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ်ထားဆဲ

Written By Unknown on Wednesday, October 9, 2013 | 4:35 PM

လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သွားလာသည့် လမ်းများတွင် ခလရ ၂၅၀တပ်မှ သံဆူးကြိုးဖြင့် လမ်းပိတ်ထားလိုက်သဖြင့် တောင်သူများသွားလာရန် အခက်အခဲကြုံတွေ့နေကြပြီး တခြားလမ်းများကို အသုံးပြုသွားလာနိုင်ရန် ကိုယ်ထူကိုယ်ထ စတင်ဖောက်လုပ်နေကြရသည်ဟု ဒေသခံတောင်သူတဦးဖြစ်သော ဦးရယ်က ပြောသည်။

“တောင်သူတွေခြံထဲသွားဖို့ လာဖို့အဆင်ပြေအောင် အရင်ကဟိုဘက်မှာသွားတယ်။ အခုက တပ်ကပိတ်လိုက်တဲ့အခါကျတော့ ဒီဘက်မှာသွားဖို့ကမရှိတော့ ဒီဘက်ရွာကလူတွေနဲ့ ပေါင်းပြီးတော့ ဒီလမ်းနဲ့ဒီတံတားကို လုပ်တာပါ”

မြေနီကုန်းကျေးရွာနှင့် နာနတ်တောရပ်မှ တောင်သူများ တောင်ယာခင်းသို့ သွားလာနေကြသည့် လမ်းဖြစ်ပြီး ၎င်းလမ်းပေါ်ထိသို့ သံဆူးကြိုးများဖြင့် ကာရံပိတ်ထား လိုက်ခြင်းကြောင့် ဒေသခံတောင်သူများ ယခုလို ပြောင်းဖူးချိုးရန်၊ မြေပဲများနုတ်ရန်အတွက် အလုပ်များနေကြသည့်အချိန်တွင် သွားလာရန် လမ်းအခက်အခဲ ရှိနေကြသည်ဟု ပြောသည်။

လမ်းပြန်လည် ဖွင့်ပေးရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများက တောင်းဆိုထားကြပြီး စစ်တပ်က ၂ ပတ်ခန့်သာလျှင် ပိတ်မည်ဖြစ်ကြောင်း ပြန်လည်ဖွင့်ပေးမည်ဟု ဆိုထားကြောင်း သို့သော် တလကျော်ကြာသည့်တိုင် မည်သို့မျှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း မြေနီကုန်း ကျေးရွာအတွင်းရေးမှူးဖြစ်သူ ဦးဘိုရယ်က ပြောသည်။

“စစ်တပ်ဧရိယာအဲဒီထိမပါဘူးလို့ပြောတာပဲ တပတ်အတွင်း အပြန်ဖွင့်မယ်ပြောပြီး အခုထိပြန်မဖွင့်သေးဘူး တလ နှစ်လ တော့ရှိသွားပြီ”

ယခုအခါ လွယ်တမူရွာဘက်တွင် ဒေသခံများ လမ်းတံတားကို ကိုယ်ထူကိုယ်ထ အသစ်ပြန်လည် ဖောက်လုပ်နေကြရပြီး လမ်းများမှာ ကျဉ်း၍ သွားလာရခက်ခဲသည်ဟု လွယ်တမူရွာမှ ဒေါ်မိက ပြောသည်။

“လမ်းကလည်းကျဉ်းတယ် မိုးရွာတဲ့အခါကျလည်း ဗွက်လည်းထတယ်။ လူသွားလိုက် စက်သွားလိုက်၊ နွားလှည်းသွားလိုက်ခါကျတော့ ကျဉ်းကြပ်တာပေါ့ ဟိုဘက်ကလည်းလမ်းပိတ် ဒီဘက်ကိုဘဲ သွားပြန်တော့လည်း လမ်းကပျက်တာပေါ့”

တောင်ယာခင်းထဲသို့ သွားလာနိုင်ရန်အတွက် လမ်းများကို ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့၌ စတင်ပြီး မြေနီကုန်းရွာ၊ နာနတ်တောရပ်နှင့် လွယ်တမူးရွာမှ ဒေသခံတောင်သူများက ကိုယ်ထူကိုယ်ထ စတင်ပြုလုပ် နေကြရသည်။

ခလရ ၂၅၀ တပ်သည် လွိုင်ကော်မြို့အထွက်ဘက်ရှိ မြေနီကုန်းတွင် တပ်စွဲထားသော တပ်ဖြစ်သည်။

Written by ကန္တာရဝတီတိုင်း(မ်)