Home » » ရဲများက လယ်သမားများကို ခြိမ်းခြောက်ပြီး ကင်မာရာများကို ပျက်စီးခဲ့

ရဲများက လယ်သမားများကို ခြိမ်းခြောက်ပြီး ကင်မာရာများကို ပျက်စီးခဲ့

Written By Unknown on Wednesday, October 30, 2013 | 8:10 PM

အောက်တိုဘာလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းတံတားအနောက်ဘက်တွင် အစိုးရကသိမ်းယူထားသော လယ်ယာမြေများတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် မြေများ ဖြည့်နေရာ လယ်သမားများက တားဆီးသောကြောင့် ရဲများက လယ်သမားများကို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လယ်မြေများထဲတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီက တာဝန်ယူထားပြီး ၎င်း၏မြေကားများက စပါးစိုက်ထားသော လယ်ကွင်းထဲတွင် မြေများဖြည့်နေသောကြောင့် လယ်သမားများက တားဆီးရာ မြေကားမောင်းသူများက တာဝန်ရှိသူများကို ခေါ်မည်ဟု ပြောဆိုပြီး မိနစ် ၃၀ ခန့်ကြာသောအခါ တိုင်းအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့် ရဲများရောက်ရှိလာပြီး ရိုင်းစိုင်း ကြိမ်းမောင်းသော စကားများပြောဆိုပြီး လယ်သမားများကို ကျူးကျော်သူများဟု ပြောဆိုကာ သေနတ်များဖြင့် ချိန်ရွယ်ခဲ့ကြောင်း သိရသည်။

ကုမ္ပဏီကားမှာ မြေတွေကိုလယ်ထဲသို့ မြေများလောင်းချရာ ထားဝယ်လယ်သမားတစ်စု စပါးပင်များအပေါ်မြေများ မလောင်းချဖို့ တောင်းပန်ခဲ့ရာ ကုမ္ပဏီမှာ လုပ်သမားများက မြေကားတစ်စီးကိုသာ လယ်ထဲသို့ လောင်းချပြီး ကျန် ၂ စီးရှိသော မြေများကို လယ်ကွင်းဘေးတွင် လောင်းချပြီး ပြန်သွားကြသည်။  ပြီးနောက် နေ့လည် ၁၂ နာရီလောက်တွင် ကုမ္ပဏီလုပ်သမားများက မြေကားများကို ဖုံးအုပ်ပြီး လယ်ထဲသို့ လောင်းချခဲ့ရာ လယ်သမားများစုမှ မြေများလယ်ထဲသို့ ထပ်မံလောင်းချနေသည်ကို သိရှိသဖြင့် ကုမ္ပဏီအလုပ်သမားများအား မလောင်းချရန် စပါးခင်းများကို ကာကွယ်ကြသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မျက်မြင်တဦးက “ကုမ္ပဏီအလုပ်သမားများနှင့် လယ်သမားများ အချင်းများကြပြီး လယ်သမားများက တာဝန်ရှိသူကို လာရောက်ဖြေရှင်းပေးပါဟု ပြောပြီး ကုမ္ပဏီအလုပ်သမားများက ဖုန်းဆက်ခေါ်ခဲ့တယ်၊ မိနစ် ၃၀ အခန့်ကြာတွင် ရဲကားများနှင့် တိုင်းအုပ်ချုပ်ရေး အတွင်းရေးမှူး ဦးတင်သိန်းက လာရောက်ပြီး ချက်ချင်းလူစုခွဲဖို့နဲ့ မဆိုင်သူများ ထွက်ပေးဖို့ အမိန့်ပေးခဲ့တယ်” ဟု ရှင်းပြခဲ့သည်။

ဦးတင်သိန်းက ဝတ္တရားနှောက်ယှက်တာ ဘယ်ကောင်လဲကွ ထွက်ခဲ့စမ်းလို့ ပြောတယ်။ နောက်ပြီး အရပ်ဘက်ဖွဲ့စည်းများ ဓါတ်ပုံရိုက်ရာ မရိုက်ဖို့ ဆူပူကြိမ်းမောင်းပြီး ရိုက်လက်စ ပုံများကို ဖျက်ပစ်ဖို့ အရပ်ဘက်အဖွဲ့အစည်းများမှ ကင်မရာများကို အတင်းဆွဲယူဖျက်ဆီးပစ်ခဲ့ရာ ထားဝယ်အမျိုးသမီးသမဂ္ဂမှ ကင်မရာတစ်လုံးကို လုယူကာပစ်ပေါက်ခဲ့သဖြင့် ကင်မရာတစ်လုံး ပျက်စီးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

ဆက်လက်ပြီး ၎င်းက “လယ်သမားတွေက ထန်းရေတဲမှာ စုပြီးထိုင်နေကြတယ်၊ ထန်းရေတဲကို ချက်ချင်းဖျက်ဖို့ ရဲက အမိန့်ပေးခဲ့တယ်၊ အရပ်ဘက်အဖွဲအစည်းများနှင့် လယ်သမားများက တဲကို မဖျက်ဖို့ တောင်းပန်လို့ ထွက်သွားပေးခဲ့တယ်၊ တစ်ချိန်တည်းတွင် ထန်းရေရောင်းသော အမျိုးသမီးအား လိုင်စင်မေးမြန်းရာ လိုင်စင်မရှိဘူးလို့ ပြောလို့ ထန်းရေပုံးများကို သိမ်းယူသွားသည့်အပြင် ထန်းရေရောင်းတဲ့ အမျိုးသမီးကိုလည်း ရဲစခန်းသို့ ခေါ်ဆောင်သွားတယ်” ဟု ပြန်လည်ရှင်းပြခဲ့သည်။

ရဲအင်အား ၁၀ ယောက်နှင့် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်း ယောက် ၂၀ လောက်က အလုပ်သမားများနှင့် အရပ်ဘက်ဖွဲ့အစည်းများကို အတင်းထွက်ခွာခိုင်းပြီး မထွက်ခွာသူများအား တရားစွဲဖို့ နာမည်စာရင်းကောက်ခဲ့ကြောင်း သိရသည်။

Tavoyan Voice