Home » » ဗုံးပေါက်ကွဲမှုကြောင့် ပြည်တွင်းဟိုတယ်များ၏ လုံခြုံရေးစနစ် စစ်ဆေးမည်

ဗုံးပေါက်ကွဲမှုကြောင့် ပြည်တွင်းဟိုတယ်များ၏ လုံခြုံရေးစနစ် စစ်ဆေးမည်

Written By Unknown on Wednesday, October 16, 2013 | 3:19 PM

ရန်ကုန်၊ အောက်တိုဘာ ၁၅

နိုင်ငံတကာ သတ်မှတ်ချက် ကြယ်လေးပွင့် အဆင့်ရှိသော ရန်ကုန်မြို့၏ နာမည်ကျော် ကုန်သည်ကြီးများဟိုတယ် ကိုးလွှာတွင် အောက်တိုဘာ ၁၄ ရက်နေ့ ညသန်းခေါင်ယံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပြည်တွင်းဟိုတယ်များ၏ လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေကို စစ်ဆေး သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ Panda Hotel တွင် ပြုလုပ်သော ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ ဟိုတယ် လုပ်ငန်းရှင်များကို လုံခြုံရေးဆိုင်ရာ ညွှန်ကြားတွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။
"တစ်ပတ်အတွင်း စစ်ဆေးသွားမယ်" ဟု ၄င်းက ဆိုသည်။

လာမည့်ဒီဇင်ဘာတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် အားကစားသမားများ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ ၊ မီဒီယာများ၊ လေ့လာသူများသည် နာမည်ကြီး ဟိုတယ်များတွင် တည်းခိုကြမည် ဖြစ်သောကြောင့် နိုင်ငံ၏ပုံရိပ် မကျဆင်းစေရန် အတွက် လုံခြုံရေးကို ကြိုတင်ပြင်ဆင်ထား ကြရန် လိုအပ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

ဟိုတယ်ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အခြားဟိုတယ် များတွင် အခန်းကြိုတင် မှာယူထားသူများက ဖျက်သိမ်းမှုများ ရှိလာသည့်အတွက် ယင်းပြဿနာသည် ဟိုတယ်လုပ်ငန်း အတွက် ကြီးမားသော ပြဿနာ ဖြစ်လာနိုင်ကြောင်း Ruby Land Tourism Services လုပ်ငန်းရှင် ဦးအေးကျော်က မှတ်ချက်ပေးသည်။

ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှု အပါအဝင် ဗုံးပေါက်ကွဲမှုများ ရက်ဆက် ဖြစ်ပွားလာခြင်းကြောင့် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အလိုက် လုံခြုံရေး အစီအစဉ်များ ပြုလုပ်ထားကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားထားသည်။

ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသား အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းဗုံးပေါက်ကွဲမှု အပြီး နာရီပိုင်းအကြာ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်တွင် စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

The Voice Weekly