ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကတော့ ဗိုလ်ချုပ်ကို ဘယ်လောက် ချစ်သလဲ။ မချစ်လဲ ထင်ထင်ရှားရှား မြင်တွေ့ နေရပါပြီဆိုတဲ့ စကားလေးကို ခရီးသွား ဟန်လွှဲ ကြားလိုက် မိပေမယ့် နျူကလီးယား ဗုံးထက် ကြောက်စရာကောင်းတဲ့ စကားလုံးအဖြစ် နားလည် လိုက်မိပါတယ် . . .
ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၊ ဆဋ္ဌမ ပုံမှန် အစည်းအဝေးကို ၁၂-၉-၂၀၁၃ (ကြာသပတေးနေ့) တွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အစည်းအဝေး ကျင်းပမည့် နေရာသို့ ၁နာရီစော ရောက်ရ မည်လို့ နှိုးဆော် ထားတာကြောင့် ၀ီရိယ ကောင်းစွာဖြင့် ၉နာရီ မထိုးခင် ရောက်အောင် သွားသော်လည်း ကျွန်တော့် ထက်ဦး သူဖြစ်တဲ့ ကမာရွတ်မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေကို မရွှင်ပျတဲ့ မျက်နှာနှင့် တွေ့လိုက် ရလို့၊ ဆရာကြီး စောစော စီးစီး ဘာများ အလိုမ ကျလို့လဲ မေးလိုက်တော့ ကျွန်တော်တင် ထားတဲ့ အဆိုကို မေးခွန်း အဖြစ် ပြောင်းလဲ တင်ပါတယ်။ ပြောတယ်ဗျာလို့ ဆိုလို လာပါတယ်။ ဦးကျော်ရဲ့အဆိုကိုတော့ လက်ခံပြီး ကျွန်တော်တို့ အဆိုတွေ ကိုတော့ မေးခွန်းအဖြစ် ပြောင်းခိုင်းတာ တော် တော် ၀မ်းနည်းစရာ ကောင်းပါတယ်လို့ ကျွန်တော့်ထက် အသက်အရွယ်၊ အတွေ့အကြုံ၊ အသိဉာဏ်ပညာ အစစအရာရာ သာလွန်တဲ့ လူကြီး တစ်ယောက်ရဲ့ ငြီးတွားသံဟာ ဆဋ္ဌမ ပုံမှန် အစည်းအဝေးရဲ့ မမေ့နိုင်တဲ့ ပထမဆုံး ဝေဒနာလေး ဖြစ်ခဲ့ ပါတော့တယ်။
ဒီနေရာမှာ အဆိုနဲ့ မေးခွန်းကို အတိုဆုံးနှင့် အရှင်းဆုံး ပြောရရင်၊ အဆို အတည်ဖြစ်ရင် လုပ်ချင် သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ၊ လုပ်ကို လုပ်ပေး ရတော့မယ့် သဘောဖြစ်ပြီး မေးခွန်း ဆိုတာ ကတော့ အချိန် အတိုင်းအတာ တစ်ခုထိ ရွှေ့ဆိုင်းလို့ ရှောင်လွှဲလို့ ရတယ်။ ငြင်းပယ်လို့ ရတဲ့ သဘောလေး ရှိပါတယ်။ လွှတ် တော် မေးခွန်းရဲ့ သုံးပုံနှစ်ပုံ လောက်ကလည်း ဘဏ္ဍာငွေ ထပ်မံတောင်း၍ ရရှိလာသည့် အပေါ်တွင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဆိုတဲ့ အဖြေက များနေတာကို တွေ့နေရကြောင်း ဆရာကြီး ဦးမြငွေ အနေနဲ့ သူ့ရဲ့ အဆိုကို မေးခွန်း အဖြစ် ပြောင်းခိုင်း တာကို စိတ်မကောင်း ဖြစ်တာပါပဲ။
လွှတ်တော်ကို အစီအစဉ် အတိုင်း ကျင်းပ ပြုလုပ်ခဲ့ရာ ဦးကျော်ရဲ့အဆိုတင် သွင်းချိန်မှာတော့ ဆဋ္ဌမ ပုံမှန် အစည်းအဝေးရဲ့ မမေ့နိုင်တဲ့ ဒုတိယ ဝေဒနာလေး ဖြစ်ပေါ်လာခဲ့ ရပါတော့တယ်။ ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးပြီး ခဲ့တဲ့ ခေါင်းစဉ်ကို တိုင်းဒေသကြီး လွှတ်တော်မှာ ပုံတူ ကူးချ အဆိုတင်သွင်း တာဟာ နိုင်ငံရေး အမြတ် ထုတ်တာပဲ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်မှာ ပြည်ထောင်စု ဒုဝန်ကြီး ကိုယ်တိုင် အကျယ်တ၀င့် ရှင်းလင်း ပြီဖြစ်သော အကြောင်း အရာတွေ ငွေစက္ကူများ ရိုက်နှိပ် ထုတ်ဝေခြင်းသည် တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့် ထဲမှာ မရှိ တာကိုလည်း အသိ၊ ငွေစက္ကူ တွေကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက တောင်းဆိုတာနှင့် ပြောင်းလဲ ထုတ်ဝေလို့ မရဘူး ဆိုတာ ကိုလည်း အသိ။ ငွေစက္ကူပါ ရုပ်ပုံများ ပြောင်းလဲ ထုတ်ဝေ ရုံဖြင့် ပြည်သူလူထု၏ လိုအင် ဆန္ဒတွေကို မဖြည့်ဆည်း ပေးနိုင်ဘူး။ မပြည့်စုံ စေဘူး ဆိုတာလည်း အသိ၊ မှန်ကန်တဲ့ တင်ပြမှု ဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုလို့ ပြောရမှာလည်း ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေး ပြီးသား ဖြစ်လို့ ပယ်ချ ခံရမည် ဆိုတာလည်း မသိ။ အဲဒီလို အသိပေါင်း မြောက်မြားစွာ ရှိနေရဲ့ သားနှင့် အဖွဲ့အစည်း တစ်ခုကို အပုပ်ချ၊ ဗိုလ်ချုပ်ကို ခုတုံး လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ် သွားတာ တွေ့ရတော့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူတွေ ရှေ့မှာ မားမား မတ်မတ် ရပ်တည်ရင်း၊ ဒီမိုကရေစီ လမ်းကြောင်း သစ်ကို အတူ လက်တွဲ လျှောက်လှမ်း ကြရမယ့် ပြည်သူ့ ကိုယ်စားလှယ်ချင်း မ၀ံ့မရဲ ဖြစ်မိတာ အမှန်ပါပဲ။ ပြည်သူ့ အကျိုးအတွက် မဟုတ်ဘဲ မိမိ အကျိုးအတွက် မျှော်ကိုးပြီး ပြောရက် လေခြင်းလို့ စိတ်ထဲမှာ တွေးနေတုန်း မင်္ဂလာ တောင်ညွန့် မြို့နယ်မှ ဒေါက်တာ စောလှထွန်းက အဆိုကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံရဲ့ ငွေစက္ကူ သမိုင်း ကြောင်းနှင့် တကွ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေ အခန်း ၁၂ လွှတ်တော်သို့ တင်သွင်းသည့် အဆိုများ ခေါင်းစဉ် အောက်ရှိ ပုဒ်မ ၁၁၃ စည်းကမ်း ချက်များ ပိုဒ်ခွဲ (ဃ) တွင် ဖော်ပြထားတဲ့ မဆီလျော်သော အကြောင်း ပြချက်၊ ခိုင်လုံသော အထောက်အထား မပါရှိသည့် ယူဆချက်များ၊ မသင့်လျော်သော အသုံး အနှုန်းများ၊ ဂုဏ်သရေကို ထိခိုက် စေသည့် ဖော်ပြချက်များ မပါရှိစေ ရဆိုတဲ့ အချက်တွေနှင့် ထောက်ပြ ဝေဖန် ကန့်ကွက်ခဲ့ ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကြီး ကလည်း လွှတ်တော် ဥပဒေများနှင့် အညီ လွှတ်တော် သဘောထားကို မဲခွဲ ဆုံးဖြတ်ရာ စေခဲ့ရာ တက်ရောက်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၁၇ဦး ရှိရာမှာ အဆိုရှင် ဦးကျော်ရဲ့ ပါတီမှ ၂ဦးသာ ထောက်ခံပြီး ကျန် ၁၁၅ဦးမှာ ကန့်ကွက်ခဲ့ ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုကို ကန့်ကွက် သူများ မိမိ နေရာမှ မတ်တပ် ရပ်၍ ဆန္ဒပြုရန် ဖြစ်ပါသည် ဆိုတဲ့ ဥက္ကဋ္ဌ ကြီးရဲ့စကားအဆုံး တိုင်ပင် ညှိနှိုင်းထားခြင်း မရှိဘဲ၊ တညီ တညာတည်း မတ်တတ် ရပ်လိုက် ကြတဲ့ မြင်ကွင်းသည် ဖြတ်သန်း ခဲ့ရတဲ့ လပေါင်း သုံးဆယ် အတွင်း ဘယ်လိုမှ မေ့ပျောက်လို့ မရနိုင်တဲ့ မြင်ကွင်းလေး အဖြစ် ဆဋ္ဌမ ပုံမှန် အစည်းအဝေးရဲ့ တတိယ ဝေဒနာဟာ ရှင်ထဲမှာ စွဲကျန်လို့ နေပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ပါတီစုံ ရှိပါတယ်။ ၈၈၊ NLD ၊ ပြည်သူ့ ဒီမိုကရက်တစ်၊ တစ်သီး ပုဂ္ဂလ၊ တစည ဆိုပြီး ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ခွင့်ယူထား သူမှ လွဲ၍ အကုန် ရှိပါတယ်။ ဒီပါတီတွေ အကုန်လုံး ကလည်း မိတ်ဖက် ပါတီတွေပဲ ဖြစ်ပါတယ်။ ပါတီတစ်ခုက အဆိုတင်ရင်၊ ကျန်မိတ်ဖက် ပါတီတွေက ထောက်ခံ ဆွေးနွေး ခဲ့ကြတာလည်း မှတ်တမ်းတွေ ရှိနေ ပါတယ်။ ဒါပေမဲ့ အဆိုရှင် တင်သွင်းတဲ့ အခုအဆိုကို မိတ်ဖက် ပါတီကပါ ကန့်ကွက်ခဲ့တာ ဘာဖြစ်လို့လဲ၊ အားလုံးသည် အမှန်တရားကို ယုံကြည်ကြ လို့ပဲ ဖြစ်ပါ တယ်။ အမြင် မတူတာ တွေကို ဘေးဖယ် ထားပြီး၊ တူညီတဲ့ အမြင်လေးကို မှန်ကန် စွာနှင့် သက်သေပြ လိုက်တာပဲ ဖြစ်ပါတယ်။ လွှတ်တော် အစီအစဉ် ပြီးဆုံးလို့ ပြန်ထွက် လာချိန်မှာတော့ မီဒီယာများရဲ့ မေးမြန်း ချက်ကို ဖြေကြား နေတဲ့ အဆိုရှင်ရဲ့ သဘောထားက လွှတ်တော် ကိုယ်စားလှယ် အားလုံးကို စော်ကား လိုက်သလို ဖြစ်နေ ပါတော့တယ်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကတော့ ဗိုလ်ချုပ်ကို ဘယ်လောက် ချစ်သလဲ။ မချစ်လဲ ထင်ထင်ရှားရှား မြင်တွေ့ နေရပါ ပြီဆိုတဲ့ စကားလေးကို ခရီးသွား ဟန်လွှဲ ကြားလိုက် မိပေမယ့် နျူကလီးယား ဗုံးထက် ကြောက်စရာ ကောင်းတဲ့ စကားလုံး အဖြစ် နားလည် လိုက်မိပါတယ်။ လွှတ်တော်ကို ပြည်သူတွေနှင့် တိုက်ခိုင်းတဲ့ သဘောပါပဲ။
အဆိုရှင် ပြောကြားသလို ကျွန်တော် တို့အားလုံးသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဗိုလ်ချုပ်ကို မချစ်လို့၊ ဗိုလ်ချုပ်ရဲ့ ရုပ်ပုံကို မမြင် တွေ့ချင်လို့ ၀ိုင်းကန့်ကွက် ခဲ့ခြင်း မဟုတ်ဘဲ မြန်မာ နိုင်ငံသား၊ တိုင်းရင်းသား အားလုံး ပိုင်တဲ့ ဗိုလ်ချုပ်ကို ခုတုံး လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်တဲ့ သဘော ဆောင်တဲ့ အဆိုကို ကန့်ကွက် ခဲ့ခြင်း ဖြစ်ကြောင်း ကိုလည်း ပြည်သူတွေကို သစ္စာ တိုင်တည် အသိပေး လိုက်ပါတယ်။
စာရေးသူ ကိုယ်ရေး အကျဉ်း
အမည်ရင်း – ဦးနေမျိုးအောင်
အလုပ် အကိုင်- ဆိပ်ကမ်း မြို့နယ် ကြံ့ခိုင်ရေး ပါတီ တွဲဖက် အတွင်းရေးမှူးနှင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
(အထက် ဖော်ပြပါ ဆောင်းပါးကို မြန်မာသံတော်ဆင့် အယ်ဒီတာ အဖွဲ့အနေဖြင့် ကိစ္စရပ်တိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ဖော်ထုတ် တင်ပြနိုင်သည် ဆိုသော ဒီမိုကရေ စီစံနှုန်း အရ ဖော်ပြခြင်း ဖြစ်ပြီး ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မရှိဘဲ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)
နောင်မျိုးအေ
Myanmartandawsint Newspaper