Home » » လည်ပင်းတွင် ပုဆိုးချည်ထားသည့် ပုပ်ပွလူသေအလောင်း တွေ့ရှိ

လည်ပင်းတွင် ပုဆိုးချည်ထားသည့် ပုပ်ပွလူသေအလောင်း တွေ့ရှိ

Written By Unknown on Wednesday, October 16, 2013 | 6:39 PM

လည်ပင်းတွင် ပုဆိုးချည်ထားသည့် ပုပ်ပွ လူသေအလောင်းတစ်ခုကို မင်္ဂလာဒုံမြို့နယ်တွင် အောက်တိုဘာ ၁၄ရက် မွန်းလွဲက တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ် ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ယင်းနေ့ မွန်းလွဲ တစ်နာရီခွဲက ချစ်တီးကုန်းရပ်ကွက်ရှိ စရက(၂) စစ်တပ်နယ်နိမိတ်နှင့် ဒနင်းရိုးချာင်းစပ် မြက်တောအတွင်း အမျိုးသား လူသေအလောင်း တစ်လောင်း တွေ့ရှိကြောင်းကို ဗိုလ်ကြီး လင်းအောင်က သတင်းပေးပို့ခဲ့သည်ဟု ဆိုထားသည်။

သွားရောက် စစ်ဆေးချက်အရ သေဆုံးသူသည် အသက် ၅၀နှစ်ခန့်၊ အရပ်ငါးပေရှိ အမည်မသိ အမျိုးသားကြီး တစ်ဦး ဖြစ်သည်ဟု မြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ ရှိသည်။

အလောင်းမှာ အရိုးကျ ပုပ်ပွနေပြီး လည်ပင်းတွင် ကြက်သွေးရောင်ပုဆိုးဖြင့် ချည်နှောင်လျက် သေဆုံးနေသည်ကို တွေ့ ရပြီး အလောင်းအနီး သစ်ပင်ကိုင်းတစ်ခုတွင်လည်း လည်ပင်းတွင် ချည်နှောင်ထားသည့် ပုဆိုးစနှင့်တူသော ပုဆိုးပိုင်းအား စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

“သေဆုံးမှုအကြောင်းအရင်းကို အခုထိ စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်။ သေသူ မည်သူမည်ဝါ မသိရသေးပါဘူး”ဟု မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ဒုအရဲအုပ်တစ်ဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese