Home » » နိုင်ငံဝန်ထမ်းဥပဒေနှင့် တက္ကသိုလ်များ၏ ၀န်ထမ်း ခန့်ထားမှု အခန်းကဏ္ဍ
နိုင်ငံဝန်ထမ်းဥပဒေနှင့် တက္ကသိုလ်များ၏ ၀န်ထမ်း ခန့်ထားမှု အခန်းကဏ္ဍ
Written By Unknown on Thursday, October 24, 2013 | 4:50 AM
ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက် နေ့တွင် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ အဖြစ်နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပေသည်။ အဆိုပါဥပဒေကို ပြဋ္ဌာန်းရခြင်းမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၆၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်ဖြစ်သော “နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာ ချောင်ချိရေးတို့အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းရမည်။” ဟူသောပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်သည့် သဘောဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ ယခုဆောင်းပါးတွင် အဆိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေအရ တက္ကသိုလ်များ၏ အုပ်ချုပ်ရေးကဏ္ဍတွင် မည်မျှအထိ ကိုယ်ပိုင်အုပ်ချုပ်မှု ရရှိမည်ကို လေ့လာဆန်းစစ် တင်ပြသွားမည်ဖြစ်သည်။
အဆိုပါဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (င) အရ -
( င ) “ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်း ခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါကိစ္စအလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ မပါဝင်။”
ဟုဆိုထားရာ ၀န်ထမ်းဟု ဆိုလိုက်သည်နှင့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့မှအပ အခြားဝန်ထမ်းများအကျုံးဝင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
    သို့ဖြစ်ရာ ဖွဲ့စည်းပုံပါ ရာထူးကို လေ့လာကြည့်ရာ အဆိုပါဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ) အရ
( ခ ) “ဝန်ထမ်းဖွဲ့စည်းပုံ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ဖွဲ့စည်းသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံ ကိုလည်းကောင်း ဆိုသည်။”
( ဂ ) “ဝန်ထမ်းအဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကို ဆိုသည်။”
ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ တက္ကသိုလ်များသည် သက်ဆိုင်ရာ ၀န်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံခွင့်ပြုချက်ဖြင့်ဖွဲ့စည်းထားသော ၀န်ထမ်းအဖွဲ့အစည်း ပင် ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဃ) တွင်
(ဃ) “ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုတွင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရသူကို ဆိုသည်။”
ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်ဖြစ်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ အဓိပ္ပါယ်ကိုလည်း နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။
ပိုမိုရှင်းလင်းနိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာများဖြစ်သော -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၂ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၁၃ ဖြင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအား အငြိမ်းစားပေးခြင်း တွင် ဦးဝင်းမောင်၊ ပါမောက္ခချုပ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကိုလည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၁၃ဖြင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအား အငြိမ်းစားပေးခြင်းတွင် ဒေါက်တာနီလာသိန်း၊  ပါမောက္ခချုပ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုလည်းကောင်း အငြိမ်းစားပေးခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။
ဤသို့ အငြိမ်းစားပေးခြင်းမှာ
(၁)  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၈။ “နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကိုခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။”
(၂) ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၃၆။ “နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သီးခြားပြဋ္ဌာန်းထားသည့် ဥပဒများအရ-
(က) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကိုခန့်အပ်နိုင်သည်။
(ခ)  ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ထုတ်ပယ်ခြင်း ပြုနိုင်သည်။”
(၃) နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆။ “နိုင်ငံတော်သမ္မတသည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။”
ဟူသော ပြဋ္ဌာန်းချက်များအရဆောင်ရွက်ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
သို့ဖြစ်ရာ အဆိုပါ အမိန့်ကြော်ငြာစာများအရ တက္ကသိုလ်ပါမောက္ခချုပ်များသည်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖြစ်စေ၊  ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ အရဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ အရဖြစ်စေ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများဖြစ်ကြောင်း အငြင်းထွက်မည် မဟုတ်ပေ။
ဤသို့ဆိုပါလျှင် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူးတွင် မည်ကဲ့သို့သော လုပ်ပိုင်ခွင့်များ ရှိသည်ကို လေ့လာကြည့်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇ တွင်
“ဝန်ထမ်းရွေးချယ်ခန့်ထားရေးကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အခါအားလျော်စွာ သတ်မှတ်ချက် များနှင့်အညီ -
(က) သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးသည် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်း အမျိုးအစားအလိုက် သတ်မှတ်သည့် စတင်ခန့်ရာထူးအဆင့်အတွက် ရာထူးဝန်အဖွဲ့ကရွေးချယ်ပေးသော ဝန်ထမ်းများကို ခန့်ထားရမည်။
( ခ ) သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် ပုဒ်မခွဲ (က) အရ ခန့်ထားသော ရာထူးအဆင့်မှ တစ်ပါး အခြားစတင်ခန့်ရာထူးအဆင့်အတွက် ဝန်ထမ်းများကို ရွေးချယ်ခန့်ထားရမည်။”
ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်ဖြစ်ရာ အထက်စာပိုဒ်ပါ ဖော်ပြချက်အရ တက္ကသိုလ်ပါမောက္ခချုပ်များသည် ၀န်ထမ်းအဖွဲ့အစည်းအကြီးအမှူးပင်ဖြစ်ရာ သက်ဆိုင်ရာတက္ကသိုလ်၏ လစာနှုန်း ၈၅,၀၀၀ိ-၁,၀၀၀ိ-၉၀,၀၀၀ိ တန်း ရာထူးအထိသည် ပါမောက္ခချုပ်၏ ခန့်အပ်ပိုင်ခွင့်အတွင်းတွင် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
    လက်ရှိ နိုင်ငံ့ဝန်ထမ်းများ၏ ၀န်ထမ်းအမျိုးအစားများမှာ
(၁) စီမံခန့်ခွဲရေးဝန်ထမ်း(အုပ်ချုပ်ရေး၊ တရားရေး၊ လူမှုရေး) အဆင့်
(၂) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး)အဆင့်
(၃) ပြည်သူ့ရဲတပ်ဖွဲ့ဝန်ထမ်းများ( စီမံရေးရာအဆင့်၊ သာမန်အဆင့်)
(၄) ပညာရှင်များအဆင့်
(၅) ကျွမ်းကျင်သူများအဆင့်
(၆) စာရေးဝန်ထမ်းများအဆင့်
(၇) ရုံးအကူဝန်ထမ်းများအဆင့်
(၈) အလုပ်သင်များအဆင့်
ဟူ၍သတ်မှတ်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။
ထို့ပြင်လက်ရှိနိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းအမျိုးအစားများမှာ-
(၁) ၅၅,၀၀၀ိ-၁,၀၀၀ိ-၆၀,၀၀၀ိ
(၂) ၆၀,၀၀၀ိ-၁,၀၀၀ိ-၆၆,၀၀၀ိ
(၃) ၆၇,၀၀၀ိ-၁,၀၀၀ိ-၇၂,၀၀၀ိ
(၄) ၆၀,၀၀၀ိ-၁,၀၀၀ိ-၆၆,၀၀၀ိ
(၅) ၆၇,၀၀၀ိ-၁,၀၀၀ိ-၇၂,၀၀၀ိ
(၆) ၇၃,၀၀၀ိ-၁,၀၀၀ိ-၇၈,၀၀၀ိ
(၇) ၇၉,၀၀၀ိ-၁,၀၀၀ိ-၈၄,၀၀၀ိ
(၈) ၈၅,၀၀၀ိ-၁,၀၀၀ိ-၉၀,၀၀၀ိ
(၉) ၁၂၀,၀၀၀ိ-၂,၀၀၀ိ-၁၃၀,၀၀၀ိ
(၁၀) ၁၄၀,၀၀၀ိ-၂,၀၀၀ိ-၁၅၀,၀၀၀ိ
(၁၁) ၁၆၀,၀၀၀ိ-၂,၀၀၀ိ-၁၇၀,၀၀၀ိ
(၁၂) ၁၈၀,၀၀၀ိ-၂,၀၀၀ိ-၁၉၀,၀၀၀ိ
(၁၃) ၂၀၀,၀၀၀ိ-၂,၀၀၀ိ-၂၁၀,၀၀၀ိ
(၁၄) ၂၃၀,၀၀၀ိ-၂,၀၀၀ိ-၂၄၀,၀၀၀ိ
ဖြစ်ပြီး အဆင့် (၁) မှ (၈) အထိမှာ အမှုထမ်း လစာနှုန်းဖြစ်ကာ အဆင့် (၉) မှ (၁၄) အထိမှာ အရာထမ်း လစာနှုန်းဖြစ်ပါသည်။
နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ (က) ပါ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်း အမျိုးအစားအလိုက် သတ်မှတ်သည့် စတင်ခန့်ရာထူးအဆင့် ဆိုသည်မှာ ယေဘူယျအားဖြင့် ပြန်ထမ်းဝင် အရာရှိအဆင့်ကို သတ်မှတ်ခြင်းဖြစ်ပြီး လစာနှုန်း ၁၂၀,၀၀၀ိ-၂,၀၀၀ိ-၁၃၀,၀၀၀ိ ဖြစ်ပါသည်။
သို့ဖြစ်ရာ တက္ကသိုလ်၏ ပညာရှင်ဝန်ထမ်းအဆင့်ဖြစ်သော လစာနှုန်း ၇၉,၀၀၀ိ-၁,၀၀၀ိ-၈၄,၀၀၀ိ တန်း နည်းပြ/သရုပ်ပြ ရာထူးများ(ပညာရှင်များအဆင့်(၃))ကို ပါမောက္ခချုပ်ကသာလျှင် ခန့်အပ်ရမည်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ သက်ဆိုင်ရာ ပါမောက္ခချုပ်များမှာ ခန့်အပ်ခွင့်မရှိဘဲ အဆိုပါတက္ကသိုလ်ကို ကြီးကြပ်ကွပ်ကဲသော ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကသာ ခန့်အပ်ခွင့်ရှိနေသည်ကို တွေ့ရှိရသည်ဖြစ်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဥပဒေကို ဆန့်ကျင်ကာ  Rule of Law ပျောက်ဆုံးနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ တက္ကသိုလ်၏ ၀န်ထမ်းခန့်ထားရေးကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။ အချို့သော ဦးစီးဌာနများဆိုလျှင် နေ့စား ၀န်ထမ်းကိုပင် တက္ကသိုလ်ပါမောက္ခချုပ်က ခန့်အပ်ခွင့်မရှိဘဲ ဦးစီးဌာနမှ ခန့်အပ်နေသည်ကိုပင် တွေ့နေရပါသည်။
ထိုသို့ခန့်ထားခြင်းသည် လက်ရှိ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်နိုင်သော်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၅ ပါ  “တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများတွင် ပါရှိသည့် ဝန်ထမ်းရေးရာနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ အတည်ဖြစ်သည်။” ပြဋ္ဌာန်းချက်အရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇ နှင့် ညီညွတ်ခြင်းမရှိပါက အတည်ဖြစ်တော့မည် မဟုတ်ပေ။
    ထို့ပြင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၀ တွင် နိုင်ငံ့ဝန်ထမ်းနှင့်ပတ်သက်၍ “နိုင်ငံ့ဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်း၊ စည်းကမ်း ထိန်းသိမ်းခြင်း၊ အမှုထမ်းစည်းကမ်းသတ်မှတ်ခြင်းနှင့် အရေးယူခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။” ဟုဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများခန့်ထားရေးအတွက် ယခုအခါ နိုင်ငံ့ဝန်ထမ်း ဥပဒေကိုပြဋ္ဌာန်းပြီးဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် အညီသာဆောင်ရွက်ရမည်ဖြစ်ပေသည်။
သို့ဆိုပါက တက္ကသိုလ်တစ်ခုအတွက်လိုအပ်သော စာရေးဝန်ထမ်းများ(အငယ်တန်းစာရေးမှ ရုံးအုပ်အထိ)၊ ကျွမ်းကျင်ဝန်ထမ်းများ(ကျွမ်းကျင်(၁) မှ ကျွမ်းကျင်(၁၀)အထိ)၊ ရုံးအကူဝန်ထမ်းများ(ရုံးအကူ(၁) မှ ရုံးအကူ(၄) အထိ)အားလုံးသည် သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်၏ ခန့်အပ်ပိုင်ခွင့်အတွင်းတွင်ပင် ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထို့ပြင် ပညာရှင်များအဆင့်အတွက် တက္ကသိုလ်များ၏ ယနေ့လက်ရှိ ဖွဲ့စည်းပုံအရ ပညာရှင်အဆင့်(၃) မှ စတင်သည်ဖြစ်ရာ အဆိုပါ ပညာရှင်အဆင့်(၃) ဖြစ်သော နည်းပြ၊ သရုပ်ပြများခန့်ထားခြင်းသည်လည်း သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်ကသာ ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ ၀န်ထမ်းခန့်ထားခြင်းကို ပါမောက္ခချုပ်အား ဆောင်ရွက်ခွင့်မပေးဘဲ ဦးစီးဌာနကသာ ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်ကို ချိုးဖောက်ခြင်းဖြစ်သဖြင့် အဆိုပါလုပ်ရပ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၀ ကို ချိုးဖောက်နေခြင်းသာဖြစ်ကြောင်း နှင့် တက္ကသိုလ်များ၏ ၀န်ထမ်းများ ခန့်ထားခြင်းကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကာ ဤဆောင်းပါးကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။
စံပယ်မ
by Myanmar News Now