Home » » သရုပ်ဆောင်မင်းညီနှင့် မိသားစု အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်

သရုပ်ဆောင်မင်းညီနှင့် မိသားစု အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်

Written By Unknown on Tuesday, October 29, 2013 | 2:06 PM

မိတ္ထီလာ၊ အောက်တိုဘာ ၂၈

ရုပ်ရှင် ဗီဒီယိုသရုပ်ဆောင် မင်းညီနှင့် မိသားစုသည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်၌ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သီးကုန်း အမြန်လမ်း ရဲစခန်း အမှုစစ်အရာရှိ ဒုရဲအုပ် မြင့်စိုးနိုင်က ပြောကြားသည်။

သရုပ်ဆောင် မင်းညီနှင့် မိသားစု လိုက်ပါလာသည့် ယာဉ်မောင်း ဦးသန်းလွင် (၃၅) နှစ် မောင်းနှင်သော မီးခိုရောင် Toyota Probox ကားအမှတ် (၆င/၇၈၃၄) သည် မိုင်တိုင်အမှတ် ၂၇၆/၂ -၃ ကြား၊ ချောင်းကောက် တံတားအနီးတွင် ရှေ့ယာဘက်ဘီး ပေါက်၍ တံတား၏ ကွန်ကရစ် ဘောင်ကို တိုက်မိကာ ယာဉ်တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယာဉ်တိုက်မှုကြောင့် သရုပ်ဆောင် မင်းညီ (ခ) စောလှိုင်ဝင်း (၃၉) နှစ်၊ ဇနီး မသီတာအေး (၃၀) နှစ်နှင့် သမီးဖြစ်သူ မမှုံရွှေရည်သန့် (၂) နှစ်၊ သား ထင်ရှားအောင် (၁၁ ) လ တို့နှင့် အတူလိုက် ပါလာသူ စုမြတ်အေး (၂၂) နှစ်၊ နှင်းဝတ်မှုံ (၂၃) နှစ်တို့သည် ဖူးရောင်ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့၍ မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက် ရှိကြောင်း အရာရှိ ဒုရဲအုပ် မြင့်စိုးနိုင်က ပြောကြားသည်။
“ပရိသတ်ကို စိတ်မပူဖို့ ပြောလိုပါတယ်။ ဖုန်းနဲ့ရော Facebook ပေါ်ကပါ သတင်းမေးကြတဲ့ ပရိသတ်တွေ၊ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်” ဟု သရုပ်ဆောင် မင်းညီက ဆိုသည်။

သရုပ်ဆောင် မင်းညီသည် ကိုယ်ခန္ဓာ လက်ယာဘက်ခြမ်း ထိခိုက်မိခဲ့သော်လည်း စိုးရိမ်းရသည့် အခြေအနေ မရှိကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးသန်းလွင်ကို သီးကုန်း အမြန်လမ်း ရဲစခန်းတွင် ယာဉ် (ပ) ၂၆/၂၀၁၃ ပုဒ်မ ၃၃ရ/၃၃၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

The Voice Weekly