Home » » ကျောက်ခက်ပန်းဆွဲများနှင့် ထမ်းဆမ်းလိုဏ်ဂူတော်

ကျောက်ခက်ပန်းဆွဲများနှင့် ထမ်းဆမ်းလိုဏ်ဂူတော်

Written By Unknown on Tuesday, October 22, 2013 | 9:42 PM

မိုးအကုန် ဆောင်းအကူး တောင်ကြီးမြို့ နံနက်ခင်း၏ အအေးဓာတ်သည် မြေပြန့်ပိုင်းနေသူ တို့အဖို့ ခိုက်ခိုက်တုန်အောင် အေးစေသည်။ နံနက်ခင်းရောင်နီသည် အအေးဓာတ်ကို ဖယ်ရှားနိုင်စွမ်း မရှိ။ တောင်ကြီး-ဟိုပုံး အဝေးပြေးလမ်းမကြီးတွင် မှန်လုံလိုင်းယာဉ် များက အရှိန်ခပ်ပြင်းပြင်း မောင်းနှင်လျက် ရှိကြသည်။ ဆိုင်ကယ်မောင်းသူ တို့ကလည်း လီဗာတင်ရင်း တဗျင်းဗျင်း…။

ညို့မှိုင်းမှိုင်း တောင်တန်းများပေါ်တွင် စိမ်းစိုနေသော တောင်ယာစိုက်ခင်း များကလည်း လှေကားထစ် သဖွယ်။ လယ်ယာကွင်းပြင်များတွင် နှမ်းပန်းများ ကလည်း ရွှေကတ္တီပါ အလား ဝါဝါဝင်းဝင်း။
ပအို့ဝ်ဝတ်စုံ ဝတ်ဆင်ထားသော အဘွားအို တစ်ဦးက ဆေးလိပ်လိပ်ရာတွင် အသုံးပြုသော သနပ်ဖက်ရွက်များကို ပလိုင်းခြင်းတွင် အပြည့်ထည့်၍ လျှောက်လာသည်။

တောင်ကြီးမြို့မှ နာရီဝက်နီးပါး ဆိုင်ကယ် မောင်းလာသည်နှင့် ရောက်လာသည်က ပင်လယ်ရေ မျက်နှာပြင်အထက် ပေသုံးထောင်ကျော်သော ဟိုပုံးမြို့။

ဆိုင်ကယ်များက တဝှီးဝှီးနှင့် အမြန်မောင်းကြ သလို ထော်လာဂျီများ ကလည်း အရှိန်မလျှော့။ နှစ်ယောက်စီးလာသော ရှေ့က ဆိုင်ကယ်သည် သူ့ရှေ့က သုံးဘီးဆိုင်ကယ်က ဘယ်ဘက်ကို ကွေ့လိုက်ရာတွင် ဆိုင်ကယ်က ဖြတ်တိုက်မလို ဖြစ်သွားသည်။ တိုက်မိရင်ဖြင့် မောင်းလာသည့် အရှိန်ဖြင့် လွယ်မည်မဟုတ်။ ဟူး… ရင်ထိတ်စရာ…။

ဆိုင်ကယ်သည်အရှိန်ဖြင့် လေကိုခွင်းကာ မောင်းနှင်ရင်း ဟိုပုံးတောင်ပေါ် မြို့သည် ကျောဘက်တွင် ကျန်ရစ်ခဲ့သည်။ ဟိုပုံးမြို့အထွက်တွင် ထင်းရှူးခင်းက တောင်ကုန်းပေါ်တွင် ထိုးထိုးထောင်ထောင်။ လယ်ကွင်းများတွင် သနပ်ဖက်ပင်များက စိမ်းစိမ်းစိုစို။

ထိုဒေသတွင် သနပ်ဖက်အရွက်ကြီးက တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဝန်းကျင် ရရှိသည့်အတွက် အများစုက သနပ်ဖက်ကို စိုက်ပျိုးကြသည်။ ဒေသခံများ၏ အဆိုအရမူ သနပ်ဖက်ပွဲရုံများ၊ စိုက်ခင်းများကို လက်နက်ကိုင် အဖွဲ့အစည်းက အခွန်ကောက်လျှင်ပင် သနပ်ဖက်ကို အခွန်အဖြစ် ပေးသွင်းရသည်ဟု သိရသည်။

ဟိုပုံးမြို့မှ ၁၅ မိနစ်ခန့် ဆိုင်ကယ်ကို လီဗာတင် လိုက်ရင်းဖြင့် ရေထွက်ကြီးဆိုသည့် ယာဉ်ရပ်နားစခန်းကို ရောက်သည်။ ကျောက်တောင်ကြီး အောက်တွင် ရေထွက်နေခြင်းကြောင့် ရေထွက်ကြီးဟု ခေါ်ကြပုံ ပေါ်သည်။ ချောင်းရေသည် ကျောက်တောင်အောက်မှ ဒလဟော စီးဆင်းနေသည်။ တော်တော်အံ့သြဖို့ ကောင်းသည်။

ရေထွက်ကြီးရှိ ဈေးဆိုင်များတွင် ထမင်းဟင်း အပြင် ရှမ်းရိုးရာ အစားအသောက်ဖြစ်သော တို့ဟူးသုတ်၊ တို့ဟူးကြော်များလည်း ရောင်းသည်။ ဆီထမင်းနှင့် ကြက်ကြော်ကလည်း မနက်ပိုင်းတွင် အစားများ ကြသည်။ စားသောက်အနားယူပြီး ဆက်ထွက်လာတော့ တောင်ကုန်း တောင်တက်များ။
မြင်နေရသော ကျောက်တောင်ကြီးများက ရုပ်တုကြီး များနှယ်။ ကျောက်တောင်များက တော်တော် များသည်။ တောင်တက်ပြီး တောင်ဆင်း။ မြွေလိမ်မြွေကောက် တောင်ဆင်းလမ်းပေါ် ဆိုင်ကယ်ကို သတိထား စီးနင်းရသည်။

နောက်တွင် စီးလာသူက ကြောက်ရွံ့စိတ်ဖြင့် ဖြည်းဖြည်းဟု သတိပေးသည်။ တစ်တောင်ကျော် တစ်တောင်တက်ဖြင့် တောင်ကြီးမြို့မှ ၂၆ မိုင်ခန့် အကွာ တောင်ကုန်းပေါ်တွင် ဆိုင်ကယ်များရပ်နားရန် ဟူသော နေရာတွင် ဆိုင်ကယ် ရပ်လိုက်သည်။
ထိုနေရာကား ထမ်းဆမ်းလိုဏ်ဂူတော်…။ထမ်းဆမ်း ဟူသည့် အဓိပ္ပာယ်သည် ပအို့ဝ်ဘာသာ စကားအရ စမ်းရေထွက်သည့် ကျောက်ဂူဖြစ်သည်။

ထိုဂူကို ဟိုပုံးကိုရင်လေး ဆရာတော် ရှင်ပေါရိဿက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဂူအတွင်း ဘုရားတည်ခြင်းနှင့် ဂူအတွင်း ပြင်ဆင်မှုများကို ဆရာတော်က ဦးဆောင်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဂူဝတွင် မြင်းရုပ်ကြီးကို ကျောက်သားများဖြင့် ပုံဖော်ထားသည်က အသက်ဝင်လှသည်။ ထိုဂူ
သည် ၂၀၀၇ ခုနှစ် အစောပိုင်းကာလက ပအို့ဝ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ထိန်းချုပ်ထားပြီး သွားလာခွင့် မရှိခဲ့ပေ။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် လိုဏ်ဂူတော်ကို အုတ်မြစ်ချပြီး ဒေသခံများကို ဖူးမြော်ခွင့်ပေးခဲ့သည် ဟုလည်း ဒေသခံများက ပြောပြသည်။

ဂူအတွင်း စဝင်လိုက်သည်နှင့် ကျောက်စက်ရေသည် တစ်ပေါက်ချင်းကျနေသည်။ အမိုးပေါ်က ကျောက်ခက် ကျောက်ချွန်များသည် မြေပြင်ကို ထိုးစိုက် တော့မည့်အလား…။
ကျောက်စက်ရေ များကြောင့် မြေသားများသည် စိုစွတ်နေသည်။ ဂူအတွင်းတွင် အလင်းရောင် နည်းသော်လည်း လျှပ်စစ်မီးများက မှိန်ပျပျ။ ကျောက်ခက် ကျောက်စွယ်များသည် ပုံသဏ္ဌာန် အမျိုးမျိုး။ ငှက်ပျောဖူး အချွန်အလုံးကြီးများ ၊ ဗုဒ္ဓဆင်းတုတော်တို့၏ အပေါ်ရှိ ကျောက်ခက်များသည် ညောင်ရွက်ကဲ့သို့ သဏ္ဌာန်ဖော် ထားသည်။ အချို့ကလည်း ဘုရားဆင်းတုတော် ရှေ့ရှိ ကျောက်တိုင်ကို ကိုင်သပ်ရင်း ဆုတောင်းကြသည်။

ဂူတော်အလယ်ခန့်တွင် ဘီလူးနှစ်ကောင်က တင်းပုတ်ကြီးကိုင်ထားသည့် ရုပ်တုမှာလည်း အသက်ဝင် လှသည်။ လာရောက်လည်ပတ်သူ အချို့ကလည်း ဘီလူးရုပ်တွင် ဓာတ်ပုံ ရိုက်ကြသည်။ တဖြည်းဖြည်းနှင့် ဂူအဆုံးသို့ ရောက်ခါနီးတွင် စမ်းရေသံကို သဲ့သဲ့လေး ကြားရသည်။
လိုဏ်ဂူတော် အဆုံးသို့ရောက်လျှင် ရေထွက်သည့် နေရာသို့ရောက်လာသည်။ ရေအိုင်ပုံစံ ဖန်တီးထားပြီး အလယ်တွင် စေတီငယ်လေး တည်ထားသည်။ ထိုနေရာမှရေသည် အေးစက်နေပြီး မျက်နှာ သစ်လိုက်ပါက လန်းလန်းဆန်းဆန်း ရှိစေသည်။

ထိုလိုဏ်ဂူတော်သည် အရှည်ပေါင်း ၅၈၆ မီတာ ရှည်လျားပြီး အမြင့်မှာ အချို့နေရာများတွင် ပေ ၅၀ ခန့်ရှိပြီး အချို့နေရာများတွင် ပေ ၂၀ ခန့်သာ ရှိသည်။ဒေသခံတို့၏ အဆိုအရ ပင်းတယဂူထက်ပင် ကြီးမားသည်ဟု ဆိုကြသည်။

ထိုဂူသို့ လာရောက်လည်ပတ်သူ များအတွက် စည်းကမ်းချက်များ ရှိသည်။ ဟိုပုံးကိုရင်လေး ဆရာတော် ရှင်ပေါရိဿကို ကြည်ညို၍ ဓာတ်ပုံရိုက်ယူလို ပါက ဆရာတော်ထံ ခွင့်ပြုချက်ယူရမည်။ တစ်ပုံသာ ရိုက်ခွင့် ရှိသည်။ အမျိုးသမီးများ စကတ်အတိုအကွဲများဖြင့် လာခွင့်မရှိ၊ အမျိုးသားများလည်း သရုပ်ပျက်ပုံစံနှင့် ရှော့ပင်ဝတ်ပြီး မလာရ။ ဆေးလိပ်မသောက်ရ။ ကွမ်း မထွေးရ၊ အသားဟင်း ငါးဟင်းများ ယူဆောင်စားသုံးခွင့် မပြု၊ စုံတွဲများ မဖွယ်မရာ မလုပ်ရ စသဖြင့် စည်းကမ်းချက်များ ထုတ်ထားသည်။

လက်ရှိတွင် တောင်ကြီးအနီးတစ်ဝိုက် ဒေသခံများနှင့် ပြည်တွင်းဘုရားဖူး ခရီးသည်များ လာရောက်မှု များလာသည် ဟုလည်း ယင်းလိုဏ်ဂူတော်တွင် အရောင်းဆိုင် ဖွင့်ထားသူတို့က ဆိုကြသည်။
ဧည့်လမ်းညွှန်တစ်ဦးကမူ “ထမ်းဆမ်းလိုဏ်ဂူကို နိုင်ငံခြားသားတွေ မသွားကြဘူး။ ဝင်ကြေးများလို့” ဟု မှတ်ချက်ပေးသည်။ ထမ်းဆမ်းလိုဏ်ဂူတော်သို့ ပြည်တွင်းကို အခမဲ့ ဝင်ရောက်ခွင့် ပေးထားသော်လည်း နိုင်ငံခြားသားများကိုမူ ၁၀ ဒေါ်လာ ကောက်ခံသည်။

အချိန်ကား နံနက် ၁၁နာရီခွဲသို့ ရောက်လာချေပြီ။ တောင်ပေါ်မြို့ဟု ဆိုသော်လည်း မိုးအကုန် ဆောင်းအကူးသည် နေ့ပူညချမ်း ဆိုသကဲ့သို့ နေ့ခင်းအပူသည် အရိုင်းဆန်လှသည်။ နံနက်ခင်းတွင် အနွေး ဓာတ်ရစေရန် ဝတ်ဆင်ခဲ့သော အနွေးထည်ကို ချွတ်၍ ဆိုင်ကယ်ကို စက်နှိုးပြီး တဖြည်းဖြည်း ထွက်ခွာလာ ခဲ့သည်။ စိတ်ဝင်စားဖွယ်ကောင်းသည့် ထမ်းဆမ်းဂူသည် နောက်တွင် တရိပ်ရိပ်ဖြင့် ကျန်ခဲ့လေတော့သည်။

မင်းထက်စံ

The Voice Weekly