Home » » စားကျက်မြေအတွက် ဆန္ဒပြမည့်ရွာသားများအား ဒေးဒရဲမြို့နယ်ရဲမှူးက ကြိမ်းမောင်းပြီး ခြိမ်းခြောက်ပြောဆို

စားကျက်မြေအတွက် ဆန္ဒပြမည့်ရွာသားများအား ဒေးဒရဲမြို့နယ်ရဲမှူးက ကြိမ်းမောင်းပြီး ခြိမ်းခြောက်ပြောဆို

Written By Unknown on Sunday, October 6, 2013 | 3:26 AM

အောက်တိုဘာလ ၅ ရက်၊ (ဒေးဒရဲ)

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တော်ကနိ - ညောင်လိန်ကုန်းကျေးရွာက ဒေသခံတွေဟာ
သူတို့ဒေသက စားကျက်မြေကို ဒေသအာဏာပိုင်တွေက စားကျက်မြေအဖြစ် သတ်မှတ်မပေးဘဲ လယ်စိုက်ခွင့်ပြုထားတဲ့အပေါ် မကျေနပ်တဲ့အတွက် မနေ့က ဆန္ဒပြဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ကျုံဒါတ်အုပ်စု ညောင်လိန်ကုန်းကျေးရွာက ရွာသား ၁၅၀ ကျော်ဟာ ဆန္ဒပြဖို့ ဒေးဒရဲမြို့လယ်က ဓမ္မရုံကြီးမှာ လူတွေစုဝေးပြီး လမ်းလျှောက်ဖို့ ပြင်ဆင်နေချိန်မှာ ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်လူက ရွာသားတွေကို ကြိမ်းမောင်းပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက Myanmar News Now ကို ပြောပါတယ်။

“ရွာသားတွေက ဆန္ဒပြလမ်းလျှောက်ဖို့ ပိုစတာတွေ ဆိုင်းဘုတ်တွေ ကိုင်ပြီး မတ်တပ်ရပ်နေတဲ့အချိန်မှာ ရဲမှူးတင့်လူက ရောက်လာပြီးတော့ တရားရုံးချိန်းရှိလို့ လုံခြုံရေးအရ စိတ်မချရလို့ ဆန္ဒပြဖို့ ခွင့်မပြုခဲ့တာ။ မင်းတို့ တားထားတဲ့ကြားက ဆက်ထွက်လာရင် ဖမ်းမယ်။ အင်အားနဲ့သုံးပြီးတော့ကို ဖမ်းမယ်။ ကြိုက်တာမင်းတို့လုပ်၊ ငါတို့ဖမ်းတဲ့အချိန်ကျတော့မှ မင်းတို့ လျှောက်စကားမများနဲ့။ ငါက ငါ့အင်အားနဲ့ မင်းတို့ကိုဖမ်းဖို့ စုထားတယ်။ ထွက်လာတာနဲ့ ခေါင်းဆောင် ၂ ယောက်ကို အရင်ဖမ်းမယ်။ ပြီးရင် မင်းတို့ထဲက ခေါင်းဆောင်တွေကို ဆက်ဖမ်းမယ်လို့ ပြောတယ်။ ပြောတာမှ ဆန္ဒပြမယ့် လူတွေကို သူ့လက်အောက်ငယ်သားလို လက်ညှိုးငေါက်ငေါက်ထိုးပြီး အကျယ်ကြီး အော်ဟစ်ပြောတာ”လို့ အဲဒီဖြစ်စဉ်ကို မြင်တွေ့ခဲ့ရတဲ့ ဒေးဒရဲမြို့ခံတဦးက ပြောပါတယ်။


“ရဲမှူးက အဲ့လိုအော်ဟစ်ပြောပြီး ပြန်လှည့်ထွက်ရင်းနဲ့ သူ့လူတွေကိုမှာခဲ့တယ်။ ဒီလူတွေ ရှေ့ကိုလုံးဝ ထွက်မလာစေနဲ့။ ရတဲ့နည်းနဲ့ တားထားဆိုပြီး ပြောသွားတယ်။ ခဏနေတော့ ဒိုင်းတွေ၊ တုတ်တွေနဲ့ သေနတ်ကိုင်တဲ့ရဲတွေ ရောက်လာပြီး လမ်းကိုပိတ်ဆို့ထားတယ်။ မီးသတ်ကားကိုလည်း ရေအပြည့်ထည့် လမ်းကိုကန့်လန့်ပိတ်ပြီး စောင့်နေတယ်။ ရေပက်ဖို့အတွက် စက်ကိုတောင် အဆင်သင့် နှိုးထားလိုက်သေးတယ်”လို့ သူက ဆက်ပြောပါတယ်။

မနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြမယ့်ဒေသခံတွေကို ရဲအင်အား ၅၀ ကျော်နဲ့ ပိတ်ဆို့ခဲ့တာဖြစ်ပြီး ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကြိုင်ပါ ဒေးဒရဲမြို့မှာလာရောက်ပြီး အနီးကပ် ကွပ်ကဲနေခဲ့ကြောင်း သိရပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံသားတိုင်းဟာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ရှိကြောင်း၊ ဆန္ဒပြခွင့်တင်သော်လည်း ခွင့်မပြုခဲ့ကြောင်း၊ ခွင့်မပြုသော်လည်း နိုင်ငံသားအခွင့်အရေးအရ ဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက်မှ ကိုထွန်းထွန်းဦးက Myanmar News Now ကို ပြောပါတယ်။

“ဆန္ဒပြခွင့်ကို ငြင်းပယ်ခွင့်ရှိတယ်။ ငြင်းပယ်ထားတာကို ဆန္ဒပြခဲ့ရင် ပုဒ်မ ၁၈ နဲ့ တရားစွဲလို့ရတယ်။ ဒါပေမယ့် ဆန္ဒပြတာကို အခုလို လူအင်အား၊ လက်နက်အင်အားနဲ့ အဓိကရုဏ်းနှိမ်နှင်းမယ့်ပုံစံမျိုးနဲ့ တားခွင့်မရှိဘူး။ ဥပဒေမှာ အဲ့လို ပြဌာန်းမထားဘူး။ အာဏာပိုင်တွေ အခုလုပ်ခဲ့တဲ့လုပ်ရပ်ဟာ ဥပဒေနဲ့မညီသလို ပြည်သူတွေအပေါ် သူတို့ရှဲ့ဆန္ဒကို လွပ်လပ်စွာဖော်ထုတ်ခွင့်အတွက် အာဏာပြ ခြိမ်းခြောက်တာ၊ တနည်းအားဖြင့် ပြည်သူရဲ့ ဒီမိုကရေစီအခွင့်အရေးကို အာဏာနဲ့ကန့်သတ်တားမြစ်လိုက်တာပါ။ အဓိကရုဏ်း နှိမ်နှင်းမယ့်ပုံစံမျိုးလုပ်ရအောင် ကျနော်တို့ ဆန္ဒပြမယ့်လူတွေမှာ အပ်တိုတချောင်းတောင် မပါပါဘူး။ ငြိမ်းချမ်းစွာနဲ့ စီတန်းလမ်းလျှောက်ပြီး အများပြည်သူသိအောင် ဆန္ဒဖော်ထုတ်ဖို့ရည်ရွယ်တာပါပဲ။ ဒါကို အကြောက်အကန်ဖြစ်ပြီး ကန့်သတ်ပိတ်ပင်တာက ရုပ်ဆိုးလွန်းအားကြီးပါတယ်”လို့ သူက ပြောပါတယ်။

သီးခြားစုံစမ်းရရှိတဲ့သတင်းများအရ ဒေးဒရဲမြို့နယ်ရဲမှူးတင့်လူဟာ စားကျက်မြေထဲမှာ လယ်စိုက်နေတဲ့လယ်သမားတွေဆီကနေ ကျပ်သိန်း ၅၀ ရယူပြီးတော့ အဲဒီမြေတွေ စားကျက်မြေမဖြစ်ရေး အာမခံပြီး လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။

“စားကျက်ထဲမှာ လယ်လုပ်နေတဲ့လူတွေထဲမှာ ချောင်းသစ်ပေါက်ဆိုတဲ့ရွာက လယ်သမားတွေလည်း ပါတယ်။ ချောင်းသစ်ပေါက်က လူတွေက အဖွဲ့အစည်းတခုဆီကနေ ငွေ သိန်း ၅၀ ချေးယူရခဲ့တာ ရှိတယ်။ အဲဒီငွေကို ရွာသားတွေက ရွာကိုမသယ်တော့ဘဲ လယ်တွေဆက်ပြီးစိုက်လို့ရဖို့အတွက် ရဲမှူးတင့်လူကို လွှဲပေးခဲ့တယ်။ သူငွေယူပြီးလုပ်နေတာ ဘယ်လိုထင်ရှားသလဲဆိုတော့ အခု စားကျက်မြေနဲ့ပတ်သတ်ရင် ဦးတင့်လူ မပါတဲ့နေရာ မရှိဘူး ။နေရာတိုင်း သူအကုန်လိုက်လုပ် ပေးနေတယ်။ ချောင်းသစ်ပေါက်ရွာကလူတွေက စားကျက်မြေထဲကလယ်အတွက် ငွေကလည်း ကုန်တာ များနေပြီ။ လယ်ကလည်း ပြန်ရပါ့မလားမသိဆိုပြီး ညည်းနေကြပြီ”လို့ ညောင်လိန်ကုန်းကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေးဒရဲပြည်သူတွေ အခုလို တဖက်နဲ့တဖက် တင်းမာမှုတွေဖြစ်နေပေမယ့် ကျုံဒါတ်ဒီရေကာတောစားကျက်မြေကိစ္စကိုတော့ သက်ဆိုင်ရာ ဒေးဒရဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနက တစုံတရာ လာရောက်ရှင်းလင်းပေးခြင်း မရှိပါဘူး။

ကျုံဒါတ်ဒီရေကာတောစားကျက်မြေဟာ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက သတ်မှတ်ပေးခဲ့တာဖြစ်ပြီး ဧကပေါင်း ၂၀၈၄ ဧက ကျယ်ဝန်းကြောင်း သိရပါတယ်။

ဒီစားကျက်မြေရှိစဉ်တုန်းက ကျုံဒါတ်ကျေးရွာအုပ်စုအပါအ၀င် ရွာပေါင်း ၄၀ ကျော်ဟာ သဘာဝမုန်တိုင်းဘေး၊ ဒီရေဘေးအန္တရာယ်တွေကနေ အကာကွယ်ရခဲ့ပြီး ကျွဲနွားတွေကိုလည်း ကောင်းစွာမွေးမြူနိုင်ခဲ့လို့ စိုက်ပျိုးရေးတွေ အောင်မြင်ဖြစ်ထွန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် ၁၉၉၆ ခုနှစ်မှာ ကျေးရွာ ရ၀တ ဥက္ကဋ္ဌ ဦးမြတ်စိုးက ရောင်းစားခဲ့ရာမှာ ဒီရေကာတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်တွေစိုက်ခဲ့ကြရာကနေ ဒီရေကာတောလည်း ပျက်စီးပြီး စားကျက်မြေလည်း ပျောက်ကွယ်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ဖျာပုံခရိုင် အေးချမ်းဖြိုးကောင်စီ၊ ဒေးဒရဲမြို့နယ် အေးချမ်းဖြိုးကောင်စီတွေဟာ ဒီစားကျက်မြေတွေကို ၁ ဧကကို ၁၂ တင်းနှုန်းနဲ့ သီးစားခယူပြီးတော့ လယ်သမားတွေကို လယ်စိုက်ခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

“အုပ်ချုပ်ရေးက သီးစားခယူစိုက်ခိုင်းခဲ့တဲ့အထောက်အထား အခိုင်အမာ ရှိပါတယ်။ ၂၀၀၅ ခုနှစ်က ဒေးဒရဲမြို့နယ် မယက ကနေ ရွာသားတွေဆီမှာ သီးစားခစပါးတွေ ပေးသွင်းဖို့ တောင်းတဲ့စာ အခိုင်အမာရှိပါတယ်။ ဒါဟာ အုပ်ချုပ်ရေးက ၀န်ထမ်းသက်သာဆိုပြီး စားကျက်မြေကို လယ်လုပ်ခိုင်းခဲ့တဲ့ကိစ္စကို အခုကျတော့ စားကျက်မြေပြန်ပေးပါဆိုတော့ သူတို့အကျိုးစီးပွားပါနေလို့လားမသိဘူး။ ပြန်ပေးဖို့ကို ဝေ့လည်ကြောင်ပတ်လုပ်နေတာ”လို့ ညောင်လိန်ကုန်းကျေးရွာက ရပ်မိရပ်ဖတဦးက ပြောပါတယ်။

စားကျက်မြေဥပဒေကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ်ကတည်းက လက်မှတ်ရေးထိုး အတည်ပြုထားခဲ့ပေမယ့် ကျုံဒါတ်စားကျက်မြေကိစ္စကိုကြည့်ရင် အောက်ခြေ မြို့နယ်အဆင့် ရပ်/ကျေးအဆင့်မှာ စားကျက်မြေဥပဒေကို လက်တွေ့ကိုင်တွယ်ကျင့်သုံးခြင်းမရှိတာ ထင်ရှာနေတယ်လို့ လယ်သမားအရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

by Myanmar News Now