Home » » သမ္မတ ခရီးစဉ်အတွင်း သံတွဲအကြမ်းဖက်မှု သေဆုံးသူငါးဦး ထိ မြင့်တက်၊ နှစ်ဦးပျောက်ဆုံး

သမ္မတ ခရီးစဉ်အတွင်း သံတွဲအကြမ်းဖက်မှု သေဆုံးသူငါးဦး ထိ မြင့်တက်၊ နှစ်ဦးပျောက်ဆုံး

Written By Unknown on Thursday, October 3, 2013 | 8:58 PM

ရန်ကုန်၊ အောက်တိုဘာ ၂

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရောက်ရှိနေသည့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဖြစ်ပွားနေသည့် ဆူပူ အကြမ်းဖက်မှုများကြောင့် လူငါးဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးကာ လေးဦးဒဏ်ရာ ရရှိထားကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

သံတွဲမြို့နယ် ကျေးရွာအချို့တွင် အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် အစ္စလာမ် ဘာသာဝင် ငါးဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၃ နာရီတွင် တောင်ကုတ်မှ သံတွဲသို့ ပြန်လာသည့် တိုင်းရင်းသားခြောက်ဦး တိုက်ခိုက်ခံရသဖြင့် နှစ်ဦးမှာ ပျောက်ဆုံးနေပြီး လေးဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

တောင်ကုတ်မှ သံတွဲသို့ ဆိုင်ကယ်ကယ်ရီ သုံးစီးဖြင့် ပြန်လာသူ ခြောက်ဦးကို သံတွဲမြို့နယ် ရွှေလှေကျေးရွာ အရောက်တွင် ယင်းကျေးရွာအနီး လင်းသည်ဆိုသည့် ကျေးရွာမှ ဒေသခံများက တိုက်ခိုက်ခဲ့သဖြင့် နှစ်ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ကျန်လေးဦးကို အတွင်းလူနာအဖြစ် သံတွဲမြို့ဆေးရုံတွင် ကုသနေရကြောင်း သံတွဲမြို့ခံ ဦးမြင့်မိုးက ပြောကြားသည်။

အကြမ်းဖက် တိုက်ခိုက်မှုမှာ ရွှေလှေ ရဲတပ်ဖွဲ့စခန်း ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများကို လုံခြုံရေး အကူအညီ တောင်းခံခဲ့သော်လည်း အကူအညီ မပေးသဖြင့် ထိခိုက်မှုများခဲ့ခြင်း ဖြစ်ကြောင်း ဒဏ်ရာရရှိထားသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ၎င်းက ပြန်လည် ပြောဆိုသည်။

အကြမ်းဖက်ခံရသူ ခြောက်ဦးတွင် ဒေသခံ ရခိုင်တိုင်းရင်းသားလေးဦး၊ ကရင် တိုင်းရင်းသားတစ်ဦးနှင့် ကျောက်ဖြူ မြို့နယ်မှ ခရစ်ယာန် သင်းအုပ်ဆရာတော် တစ်ဦး ပါဝင်ကြောင်း၊ ယင်းအနက် ဒေသခံ ရခိုင်တိုင်းရင်းသားနှစ်ဦး ပျောက်ဆုံးနေခြင်း ဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့ ည ၉နာရီအထိ ပြန်မတွေ့သေးကြောင်း ဦးမြင့်မိုးက ဆိုသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် သံတွဲမြို့နယ်သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

အမေရိကန် ပြည်ထောင်စုအနေနှင့် အကြမ်းဖက်မှုများကို ရှုတ်ချပြီး အကြမ်းဖက်ခံနေရသည့် ဒေသခံများကို လျင်မြန်စွာနှင့် တိကျသော မူဝါဒများဖြင့် အကာအကွယ်ပေးရန်၊ အကြမ်းဖက်သူ များကို အရေးယူရန်၊ အကြမ်းဖက် ခံရသူများကို အကူအညီပေးရန်၊ အကြမ်းဖက်မှုများ ဆက်မဖြစ်ရန် တင်းမာမှုများ၏ ရင်းမြစ်များကို ဟန့်တားပေးရန် အမေရိကန်သံရုံးက ကြေညာချက်တစ်စောင် အောက်တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရေရှည်ငြိမ်းချမ်းရေးအတွက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူသားချင်း စာနာမှုများ၊ ပြန်လည် သင့်မြတ်ရေး အခြေအနေများ တိုးတက်ကောင်းမွန် လုပ်ဆောင်ပေးရန် အစိုးရအဖွဲ့နှင့် ဒေသခံ အာဏာပိုင်များကို တိုက်တွန်းထားပြီး မွတ်ဆလင် လူနည်းစုများကို ဦးတည် တိုက်ခိုက်မှုများကို ဆန့်ကျင်ပေးရန် ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

သံတွဲမြို့တွင် စက်တင်ဘာလ ၂၉ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် ပြည်သူချင်း အငြင်းပွားမှု ဖြစ်စဉ်ကို အကြောင်းပြု၍ ပဋိပက္ခအချို့ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

သံတွဲမြို့နယ် သဗြုချိုင်၊ ပေါက်တော၊ မဲကျွန်းကျေးရွာတို့တွင် အောက်တိုဘာလ ၁ ရက်နေ့က မီးရှို့မှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ အပါအဝင် သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် နေအိမ်ပေါင်း ၆၀ ဝန်းကျင်နှင့် ဘာသာရေး အဆောက်အအုံနှစ်လုံး မီးရှို့ခံခဲ့ရကြောင်း သက်ဆိုင်ရာ အာဏာပိုင်များထံမှ သိရှိရသည်။

The Voice Weekly