Home » » ဆွေးနွေးပွဲများအဖြေကို စောင့်နေကြသည်

ဆွေးနွေးပွဲများအဖြေကို စောင့်နေကြသည်

Written By Unknown on Wednesday, October 9, 2013 | 4:14 PM

ယခုဆွေးနွေးနေသည့် အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး ဆွေးနွေးမှုသည် အရေးကြီးသည့် အချက်တစ်ခုအဖြစ် ပါဝင်နေသည်။ ထိုဆွေးနွေးပွဲမှတစ်ဆင့် စစ်မှန်သည့်ငြိမ်းချမ်းရေး အမြန်ရရှိပြီး၊ နေရပ်ဇာတိများသို့ အမြန်ဆုံးပြန်လည်အခြေချနေထိုင်နိုင်ရန် ကချင်စစ်ဘေးဒုက္ခသည်များအားလုံးက မျှော်လင့်နေကြသည်။

“အသက်ရှင်နေသည့်ကာလမှာ ကိုယ့်မှာရှိတဲ့ စွမ်းအားတွေ အားလုံးနဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်လူမျိုးအတွက် ဘုရားသခင်အလိုအတိုင်း အသက်ရှင်နေထိုင်သွားမယ်”

အစိုးရနှင့် ကေအိုင်အိုကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် နှစ်ရက်အလို အောက်တိုဘာ ၆ ရက်က ၀ိုင်းမော်မြို့နယ် မိုင်းနားကချင်နှစ်ခြင်းခရစ်ယာန် စစ်ဘေးဒုက္ခသည်စခန်းတွင် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်နေသည့် မြင်ကွင်းဖြစ်သည်။

ယခုကျင်းပသည့် အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအပါအ၀င် ဆွေးနွေးချက်များအဆင့်ဆင့်မှသည် စစ်မှန်သည့် ငြိမ်းချမ်းရေးအမြန်ရရှိရန်၊ နေရပ်ဇာတိများသို့ အမြန်ဆုံး ပြန်လည်အခြေချနေထိုင်နိုင်ရန်တို့ကို ထိုဆုတောင်းပွဲမှ ဒုက္ခသည်များအပါအ၀င် စစ်ဘေးဒုက္ခသည်များအားလုံး မျှော်လင့်နေကြသည်။

“ဒီဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက ပေါ်လစီအရ ညှိနှိုင်းပြီး နိုင်ငံရေးအဖြေရှာနိုင်ရန် နေရပ်အရမ်းပြန်ချင်နေကြတဲ့ ဒုက္ခသည်တွေအတွက် အကောင်းဆုံးဖြစ်မှာပါ”ဟု ဦးနော်လာက စခန်းရှေ့ကွင်းပြင်တွင် ပြေးလွှားဆော့ကစားနေသော စစ်ဘေးရှောင်ဒုက္ခသည် ကလေးငယ်များကို ငေးကြည့်ရင်း ပြောသည်။

သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအ၀င် လူပေါင်းနှစ်ရာနီးပါးသည် ငြိမ်သက်စွာဖြင့် ဘုရားသခင်ကို ချီးမွမ်းတေးသီချင်း သီဆိုနေကြသည်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားသော အစိုးရနှင့် ကေအိုင်အိုတို့ကြား ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ၂ နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း ၃၀၀ ကျော်မှ လူဦးရေတစ်သိန်းကျော်မှာ နေရပ်ကိုစွန့်ခွာ၍ ဒုက္ခသည်စခန်းများတွင် တိမ်းရှောင်နေကြရသည်။

၂၀၁၃ ခုနှစ် မေလနှောင်းပိုင်းက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားမြို့၊ မနောကွင်း မဂျွယ်ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။ အပစ်အခတ်လျှော့ချရေး၊ နေရပ်စွန့်ခွာဒုက္ခသည်များကို ပြန်လည်နေရာချထားရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရေး အပါအ၀င် အချက်ခုနစ်ချက်ကို သဘောတူညီမှုရရှိခဲ့သည်။

၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက မန်စီ၊ မချမ်းဘောမြို့နယ်နှင့် ပန်ဝါဒေသတို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ မြင့်တက်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ ယာယီကယ်ဆယ်ရေးစခန်းများတွင် လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့လာရပြီး စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ ခံစားနေကြရသည်ဟု ကူညီစောင့်ရှောက်ရေး အသင်းအဖွဲ့များကဆိုသည်။

“သမီးက တရုတ်နိုင်ငံကို ခေါ်ရောင်းစားခံရတယ်။ ဒီစခန်းမှာနေရင်းနဲ့ တစ်နှစ်ကျော်ကြာပြီ”ဟု မိုင်းနားစိန်ဂျိုးဇက် RC စခန်းမှ အသက် ၆၀ အရွယ် ဒေါ်လဇိန်ထုက ကချင်ဘာသာစကားဖြင့် မပွင့်တပွင့်ပြောသည်။

ဒေါ်လဇိန်ထုသည် တိုက်ပွဲများကြောင့် ဇာတိဂါရာယန်ကျေးရွာကို စွန့်ခွာ၌ မိုင်းနားစခန်းတွင် တိမ်းရှောင်နေသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်သည်။ အသက် ၆၀ ကျော်အရွယ် ဒေါ်လဇိန်ထု၏ ခင်ပွန်းမှာလည်း မကြာခဏ အဖျားရောဂါခံစားနေရသဖြင့် စခန်းမှတိုက်ကျွေးသည့် ဆေးဝါးများအပေါ် မှီခိုအားထားနေရသည်ဟု ဆိုသည်။

မကြာခဏ ဖျားနာတတ်သော ဒေါ်လဇိန်ထု၏ခင်ပွန်းမှာ ဆေးဝါးများကြောင့် ထူထူထောင်ထောင် ပြန်ဖြစ်လာသော်လည်း ၎င်းတို့၏ အသက် (၂၁)နှစ်အရွယ် သမီးမှာမူ တရုတ်နိုင်ငံတွင် မည်သို့ကြုံတွေ့နေရသည်ကို မသိနိုင်။ သမီးကို တရုတ်နိုင်ငံသို့ခေါ်၍ ရောင်းခဲ့သူမှာ ယူနန်ပြည်နယ်တွင်ရှိသည်ဟု ကြားရသော်လည်း သက်ကြီးရွယ်အို စစ်ဘေးဒုက္ခသည်လင်မယားများမှာ ဘာမှမတတ်နိုင်ခဲ့ပါ။

အောက်တိုဘာ ၈ ရက်တွင် စတင်သည့် အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ နေရာချထားရေးအတွက် မြေပုံရေးဆွဲရေးအပါအ၀င် စစ်ဘေးရှောင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေးတို့ကိုလည်း သုံးရက်ကြာ ဆွေးနွေးမည်ဖြစ်သည်။

လတ်တလောတွင် စစ်ဘေးဒုက္ခသည်စခန်းများ၌လည်း အချိန်ကြာသည်နှင့် ဒုက္ခသည်ဦးရေ တိုးပွားလာပြီး အခက်အခဲများကို ကြုံတွေ့နေရသည်။

ထို့ကြောင့် ဒုက္ခသည်များ နေရပ်ပြန်ပို့မည်အရေး ဆွေးနွေးမည့် ယခုမြစ်ကြီးနားဆွေးနွေးပွဲမှ အဖြေတစ်ခုကို သူတို့မျှော်လင့်နေကြခြင်း ဖြစ်သည်။

“လိင်မှုဆိုင်ရာနဲ့ လူမှုရေးပြဿနာတွေရှိတယ်။ တချို့ဆို စိတ်ဒဏ်ရာရနေလို့ အရက်သောက်ပြီး ဖြေကြတယ်။ တချို့က အခန်းအောင်းပြီး နေကြတယ်”ဟု ၀ိုင်းမော်မြို့နယ် မိုင်းနားနှစ်ခြင်းခရစ်ယာန် စစ်ဘေးဒုက္ခသည်စခန်းမှ တာဝန်ခံဦးနော်လာက ဒုက္ခသည်စခန်းများတွင် ကြုံတွေ့နေရသည့်အခြေအနေကို ပြောပြသည်။

မိုင်းနားနှစ်ခြင်းခရစ်ယာန် စစ်ဘေးဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၂၅၀၀ ကျော် ခိုလှုံနေကြရသည်။ ထိုအထဲတွင် မူလတန်းမှ တက္ကသိုလ်အဆင့် ကျောင်းသား ၇၀၀ ကျော် ပါဝင်သည်။

ဒုက္ခသည်များ ခံစားနေရသည့် စိတ်ဒဏ်ရာများကို ကုစားနိုင်ရန် စခန်းများတွင် ၀တ်ပြုဆုတောင်းပွဲများကို ပုံမှန်ပြုလုပ်နေရသည်ဟုလည်း တာဝန်ခံများကဆိုသည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၀တ်ပြုဆုတောင်းနေကြသည့်အပြင် နေ့စဉ် လစဉ်တိုင်း စစ်ပွဲပြီးဆုံးနိုင်ရန်အတွက် ၀တ်ပြုဆုတောင်းနေကြသည်။

“တစ်ရက်သုံးကြိမ် ဆုတောင်းကြတယ်။ ငြိမ်းချမ်းရေးရဖို့။ အိမ်ပြန်နိုင်ဖို့”ဟု ဦးနောလာကဆိုသည်။

ထို့အပြင် လဆန်းပထမပတ် တနင်္ဂနွေနေ့တိုင်းတွင် ပြုလုပ်လျက်ရှိသော ခရစ်တော်၏ညစာစားပွဲ (ပွဲတော်မင်္ဂလာ) ရက်အပြီး နောက်တစ်ရက်တိုင်းတွင်လည်း ငြိမ်းချမ်းရေးအတွက် တစ်နေ့လုံး အစာရှောင်ဆုတောင်းကြသည်။

“စစ်ပွဲပြန်ဖြစ်ကတည်းက အသင်းတော်တွေ ဒုက္ခသည်စခန်းတွေမှာ တစ်လတစ်ကြိမ် အစားရှောင်ဆုတောင်းကြတယ်။ အဲဒီနေ့ဆိုရင် ကျွန်တော်တို့ ရေပဲသောက်တယ်”ဟု စစ်ဘေးဒုက္ခသည်များ ငြိမ်းချမ်းရေးရရှိရန် ဆုတောင်းကြပုံကို ဦးနော်လာကပြောပြသည်။

စစ်ဘေးဒုက္ခသည်အများစုမှာ မိမိတို့နေရပ်ဇာတိများသို့ ပြန်လိုကြသည်။ လုပ်ကိုင်စားသောက်ရန်အတွက် ၎င်းတို့၏ရပ်ရွာများတွင်သာ အဆင်ပြေသည်ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏ ကျေးရွာများတွင် အစိုးရစစ်တပ်များ နေရာယူထားခြင်း၊ မိုင်းပြဿနာနှင့် နေအိမ်များ ပျက်စီးနေခြင်းတို့ကြောင့် ဒုက္ခသည်များ အိမ်ပြန်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်။

“ကိုယ့်ဒေသမှာပဲ ပိုအဆင်ပြေတယ်။ လွတ်လပ်တယ်”ဟု မိုင်းနားနှစ်ခြင်းဒုက္ခသည်စခန်းမှ ကိုယ်ဝန်ရှစ်လလွယ်ထားသော အသက်(၂၀)အရွယ် မဇေနောက ၎င်း၏ဆန္ဒကို တိုးညင်းစွာပြောပြသည်။

မဇေနောသည် လွန်ခဲ့သည့်သုံးလခန့်က လုံခြုံရေးအခြေအနေအရ ဇာတိဆဒုံမြို့နယ် အင်ဝန်တောင်ကျေးရွာမှ လာရောက်ခိုလှုံနေခြင်းဖြစ်သည်။ အိမ်ပြန်ရန် အလှမ်းဝေးသော အခြေအနေတွင် ၎င်း၏ရင်သွေးငယ်ကို ဒုက္ခသည်စခန်းမှာပင် မွေးဖွားရတော့မည်ဖြစ်သည်။

“အိမ်ပြန်ချင်တယ်၊ ရွာပြန်ချင်တယ်”ဟု မဇေနောက တတွတ်တွတ်ဆိုပါသည်။ ။

ရေးသားသူ- အောင်ခိုင်၊ မရန် - 7Day News Journal