Home » » မူဆယ်မြို့နယ်တွင် ဗုံးတစ်လုံး သယ်ဆောင်လာသူကို ဖမ်းဆီးအရေးယူ

မူဆယ်မြို့နယ်တွင် ဗုံးတစ်လုံး သယ်ဆောင်လာသူကို ဖမ်းဆီးအရေးယူ

Written By Unknown on Wednesday, October 23, 2013 | 3:51 PM

မူဆယ်-လားရှိုး ကားလမ်းပေါ်ရှိ နမ့်ပေါ်တံတားအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးထံမှ ဗုံးတစ်လုံး ရှာဖွေထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းကို အမှုဖွင့် စစ်ဆေးနေကြောင်း မူဆယ်မြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

““လုံခြုံရေးအတွက် နမ့်ပေါ်တံတားအနားမှာ စစ်ဆေးရေးလုပ်နေတုန်း ဖမ်းဆီးနိုင်ခဲ့တာပါ။ နောက်ဆက်တွဲ ပါဝင်ပတ်သက်တဲ့သူတွေကို သိနိုင်အောင် စစ်ဆေးနေပါတယ်”” ဟု အဆိုပါရဲအရာရှိကပြောသည်။အဆိုပါဗုံးသယ်ဆောင်လာသူကို  မူဆယ်မြို့နယ်  နမ့်ဖက်ကာကျေးရွာရှိ နမ့်ပေါ်တံတားအနီးတွင် အောက်တိုဘာ ၂၀ ရက် က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ခရိုင်တွင်း မြို့နယ်ဖြစ်သော နမ့်ခမ်းမြို့ နယ်တွင် အောက်တိုဘာ ၁၆ ရက်နှင့်  ၁၇  ရက်များက ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် ဒေသတွင်းလုံခြုံရေး တိုးမြှင့်စစ်ဆေးနေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးထားသူမှာ  SSA မြောက်ပိုင်း ပြည်သူ့စစ်အဖွဲ့မှ ၂၀၁၂ ခုနှစ်တွင် ထွက်ပြေးလာခဲ့သူတစ်ဦးဖြစ်ပြီး ဖြစ်စဉ်အမှန်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းထားသူ၏အမည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ မူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ ၎င်းကို ရှမ်းလက်နက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသတွင်းလုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေစဉ် အောက်တိုဘာ ၂၂ ရက် နံနက်က မူဆယ်မြို့ဈေးကြီး၌ ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ဈေးကြီးရှေ့တွင် ရပ်တန့်ထားသည့်  ကားတစ်စီးပေါ်မှ ခရီးဆောင်အိတ်အသေး(အနက်ရောင်)တစ်လုံးတွေ့ပြီး ဗုံးတွေ့သည်ဟု ကောလာဟလထွက်ကာ ရဲတပ်ဖွဲ့ဝင်များ လာရောက်ရှင်းလင်းပေးခဲ့ရသည်။ အဆိုပါအိတ်အတွင်းမှ အ၀တ်အစားများသာ တွေ့ခဲ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကပြောသည်။

7Day Daily