Home » » နမ်လင်းပါ ဒုက္ခသည်စခန်း ရိက္ခာအရေးပေါ်လို

နမ်လင်းပါ ဒုက္ခသည်စခန်း ရိက္ခာအရေးပေါ်လို

Written By Unknown on Monday, October 28, 2013 | 7:39 PM

တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာ စစ်ဘေး ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၄၀၀ ကျော်သည် စားနပ်ရိက္ခာ ပြတ်လပ်သွားသည်မှာ ငါးရက်ခန့်ရှိပြီ ဖြစ်သောကြောင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒုက္ခသည် စခန်းများကို ရိက္ခာ ထောက်ပံ့ပေးနေသည့် ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ (ဗန်းမော်) ရုံးမှ စီမံကိန်း မန်နေဂျာ ဦးနော်ဒင့်က ပြောကြားသည်။

ကရုဏာ လူမှုကူညီရေးအဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့၌ နမ်လင်းပါ စစ်ဘေး ဒုက္ခသည်စခန်းသို့ ဆန်အိတ် ၃၅၀ ကို ပို့ဆောင်ခဲ့သော်လည်း ဆန်အိတ်များမှာ ယင်းဒုက္ခသည်စခန်းနှင့် ရှစ်မိုင်ခန့်အကွာ တွင်ရှိ ကောင်ဂျာရွာရှိ ကောင်ဂျာချောင်းကို ဖြတ်ကူးရန် မော်တော်ယာဉ်ကြီးများ ငှားရမ်း၍ မရသည့်အတွက် ရိက္ခာများ မရောက်ရှိခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တဲ့ အခြေအနေ ဖြစ်နေတော့ တိုက်ပွဲကြားမှာ ညှပ်နေမှာစိုးလို့ ဘယ်ကားမှ ငှားလို့မရဘူး။ မလိုက်ရဲကြဘူး။ တပ်က တာဝန်ရှိသူတွေကိုလည်း သွားရောက် ညှိနှိုင်းထားတယ်။ ပို့ဖို့ ကြိုးစားကြည့်တာမှ မရရင် UN က ယာဉ်တန်းနဲ့လိုက်ဖို့ စီစဉ်ရတော့မယ်။ လောလောဆယ်တော့ နမ်လင်းပါရွာက ရသမျှစပါးကို ရှာပြီး မလောက်မငနဲ့ ကြိတ်ကျွေးနေတယ်” ဟု ၎င်းကဆိုသည်။

နမ်လင်းပါ စစ်ဘေးဒုက္ခသည် စခန်းသို့ သွားရောက်ရန်အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးရုံး (UNOCHA) ကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုထားပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန်စီမြို့နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ၆၅ ဦးခန့်မှာ နမ်လင်းပါ စစ်ရှောင်စခန်းသို့ ထပ်မံရောက်ရှိလာခဲ့ပြီး တောထဲ တွင် ရှောင်တိမ်းနေသည့် မုန်းဒိန်ပါ ရွာသား ၁၀၀၀ ဝန်းကျင် ခန့်မှာလည်း ယင်းစစ်ဘေး ဒုက္ခသည်စခန်းသို့ ထပ်မံရောက်ရှိလာဖွယ် ရှိကြောင်း ဦးနော်ဒင့်က ထပ်လောင်းပြောကြားသည်။

မန်စီမြို့နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း ၁၂ တို့ အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

The Voice Weekly