Home » » တောင်ကြီး ကွန်ပျူတာတက္ကသိုလ် အတွင်းက တောင်သူတွေကို ဖယ်ရှားပေးဖို့ လက်မှတ်ထိုးခိုင်းနေပြီ

တောင်ကြီး ကွန်ပျူတာတက္ကသိုလ် အတွင်းက တောင်သူတွေကို ဖယ်ရှားပေးဖို့ လက်မှတ်ထိုးခိုင်းနေပြီ

Written By Unknown on Thursday, October 10, 2013 | 7:12 PM

ဒီကနေ့ ၁၀.၁၀.၂၀၁၃ ရက်နေ့မှာ တောင်ကြီးတက္ကသိုလ်ဝန်ထမ်းတွေက တောင်သူတွေကို တက္ကသိုလ်မြေအတွင်း ကျူးကျော်ဆောင်ရွက်ခြင်း မပြုရန်နှင့် ဖယ်ရှားပေးပါရန်ဟူသော အကြောင်းအရာ ခေါင်းစီးစာသားပါ စာရွက်တွေမှာ လက်မှတ်လိုက်ထိုးခိုင်းနေကြောင်း တောင်သူများအရေး ကူညီပေးနေသူ
ရှမ်းပြည်မျိုးဆက်အဖွဲ့မှ ကိုအောင်မျိုးက ပြောသည်။

တောင်ကြီးကွန်ပျူတာ တက္ကသိုလ်အတွက် ရယူထားသော မြေဧရိယာမှာ ဧက(၄၈၀)ကျော်နေသည့် အတွက် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုမျှလောက် ကျယ်ဝန်းသော ကျောင်းဟူ၍ မရှိသေးကြောင်းဖြင့် ကိုအောင်မျိုးက ရှင်းလင်းပြောဆိုသည်။

အဆိုပါကိစ္စအတွက် မြေဧရိယာ စုစုပေါင်းမှာ ၄၈၀ကျော် ရယူထားပြီး အမှန်တကယ် သုံးစွဲပြီး ဧရိယာ ၂၆ဧကသာ ရှိသေးရာ လွန်ရောကျွံရော ဧက၇၀ကျော်လောက် ရယူထားလျှင်ပင် လုံလောက်ပါလျှက်
အများအပြားသိမ်းဆည်းထားခြင်းအပေါ် တောင်သူများက လက်မခံနိုင်ဖြစ်နေကြသည်။

တောင်သူတစ်ဦးမှ “ဒီနေ့နောင်လေကျေးရွာအုပ်စုအတွင်းမှာ ကျောင်းအုပ်ဆရာမကြီးက တောင်သူတွေကို အတင်းလက်မှတ်လိုက်ထိုးခိုင်းတာပါ။ ကျောင်းဝန်ထမ်း နှစ်ယောက်က လိုက်ပြီးတောင်သူတွေကို
ထိုးခိုင်းခြင်းဖြစ်ပါတယ်။ တောင်သူတွေက ထိုးမပေးကြပါဘူး။ တစ်ယောက်ကိုတွေ့ရင် ဟိုလူတွေထိုးပြီးသွားပြီ ဆိုပြီး မထိုးတဲ့သူတွေကို လိမ်ညာပြောပါတယ်။” ဟုဆိုသည်။

အဆိုပါကိစ္စအား မြေယာစုံစမ်းရေး ကော်မရှင်အပါအ၀င် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကိုလည်း တင်ပြထားပြီး စစ်ဆေးဆောင်ရွက်ပေးခြင်း မရှိသေးသော လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာတစ်ရပ် ဖြစ်ကြောင်း သိရသည်။

လိုက်လံ လက်မှတ်ရေးထိုးခိုင်းသောစာတွင် ကွန်ပျူတာတက္ကသိုလ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ခြင်း ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် မပြုလုပ်ရန်နှင့် ဖယ်ရှားပေးပါရန် ဟု ဖော်ပြထားပြီး ၈ - ၁၁ -၂၀၁၃ ရက်နေ့ အပြီးဖယ်ရှားပေးရမည်ဟုဆိုကာ ဖယ်ရှားပေးခြင်း မရှိက ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

ထွန်းထက်

by Myanmar News Now