နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေစရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအရ အဆိုပါပုဂ္ဂိုလ်များအားလုံးသည် ၀င်ငွေခွန် ပေးဆောင်ရတော့မည်ဖြစ်သည်။
အဆိုပါပုဂ္ဂိုလ်များသည် ယခင်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ထားသည့် ဥပဒေများအရ ရရှိသည့်ဝင်ငွေအသီးသီးပေါ်တွင် ၀င်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်ဟူ၍ပါရှိသည်။ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်ဆိုသောစာပိုဒ်ကို ပယ်ဖျက်ထားသည့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို ကျင်းပနေဆဲလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။
၂၀၁၂ ခုနှစ် ဧပြီလတွင် စတင်အသက်ဝင်ခဲ့သည့် ၀င်ငွေခွန်ဥပဒေသစ်အရ နိုင်ငံသားတိုင်းသည် တစ်နှစ်ပတ်လုံးစာဝင်ငွေသည် ၁၄ သိန်း ၄ သောင်း အထက် ဆိုပါက သတ်မှတ်ထားသည့်ရာခိုင်နှုန်းများအလိုက် ၀င်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
သို့သော် ၀င်ငွေခွန်ဥပဒေတွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ယခုချီးမြှင့်ငွေ နှင့် စရိတ်များကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို လွှတ်တော်သို့ တင်သွင်းပြဋ္ဌာန်းမည်ဖြစ်သော်လည်း ၀င်ငွေခွန်ဥပဒေတွင်ပါ ပြင်ဆင်ရန်လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကဆိုသည်။
““အရင်က ကျွန်တော်တို့တွေ ၀င်ငွေခွန်မဆောင်ရဘူး။ ခုပြင်မယ့်ဥပဒေအရ ဆောင်ရမယ်ပေါ့။ ဒါကောင်းပါတယ်။ ပြည်သူတွေနဲ့အတူတူဖြစ်သွားတဲ့အတွက် ဖြစ်သင့်တယ်လို့ထင်ပါတယ်””ဟု စီးပွားရေး ပညာရှင်တစ်ဦးလည်းဖြစ်သည့် ဦးကြည်မြင့်က ပြောသည်။
အဆိုပါချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းငါးခုကို ပြည်သူအများ သိရှိလေ့လာအကြံပြုနိုင်ရန်အတွက် အောက်တိုဘာ ၂၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသော်လည်း ပယ်ဖျက်သည့်ပုဒ်မ၏ အကြောင်းအရာများကို ဖော်ပြထားခြင်းမရှိပေ။
နိုင်ငံတော်သမ္မတသည် တစ်လလျှင် လစာငွေ ကျပ်သိန်း ၅၀ ရရှိပြီး အိမ်တစ်ဆောင်၊ ကားခြောက်စီးနှင့် အခြားအဆောင်အယောင်ခံစားခွင့်များရရှိသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လစာမှာ တစ်လလျှင် ကျပ်သုံးသိန်းဖြစ်ပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်၏လစာမှာ ကျပ်နှစ်သိန်းဖြစ်သည်။
ဥပဒေသစ်အသက်ဝင်လာပါက လွှတ်တော်ကိုယ်စားလှယ်များလည်း ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။
7Day Daily