Home » » သာကေတမြို့နယ်၊ အခွန်လွတ်ဈေးရှေ့မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွား ၊ ၂ ဦး ဒဏ်ရာရ

သာကေတမြို့နယ်၊ အခွန်လွတ်ဈေးရှေ့မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွား ၊ ၂ ဦး ဒဏ်ရာရ

Written By Unknown on Sunday, October 13, 2013 | 8:59 PM

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေး ပလက်ဖေါင်းအနီးမှာ ဒီနေ့ ညနေ ၅ နာရီ မိနစ် ၄၀ ခန့် က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ဈေးရှေ့ မှာ ရပ်ထားတဲ့  သစ်လုံးတင်ယာဉ်၏ အောက်တွင် အမဲရောင် ကြွပ်ကြွပ်အိတ်နှင့်
ထည့်ထားသော အထုပ် (၁)ထုပ်အား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း ရပ်ကွက်နေသူများ ဖြစ်သည့် ထက်အောင်နိုင် အသက်(၁၄)နှစ်၊ (ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး အသက်(၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်းတွင် ပါရှိသော အနီရောင် စားပွဲတင်နာရီ၏ လက်တံအား လှည့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် ထက်အောင်နိုင်မှာ ယာလက်ချောင်း၊ ယာလက်မောင်း၊ ၀ဲခြေသလုံး၊ ၀ဲလက်မောင်းတို့တွင် သွေးထွက်ဒဏ်ရာ ရရှိပြီး ၀င်းမင်းထွေးလည်း ယာခြေသလုံး သွေးထွက်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ နံနက်ပိုင်းကလည်း အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း
တစ်လုံးအား ရှင်းလင်းနိုင်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်း ပေါက်ကွဲမှု(၂)ကြိမ် ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေး တိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိပါတယ်။

လုပ်သားပြည်သူများ အနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာများနှင့် လမ်းကြိုလမ်းကြားများတွင် မသင်္ကာ အထုပ်များ တွေ့ရှိပါက ဖွင့်ဖေါက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်းသတင်း ပို့ပေးကြပါရန်နှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးများမှလည်း မိမိရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား ဆက်လက် သတင်း ပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြား ထားပေးပါရန် မေတ္တာရပ်ခံကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

by Myanmar News Now