Home » » ကမ္ဘာ့ ပဋိသန္ဓေ တားဆီးခြင်းနေ့ (World Contraception Day)

ကမ္ဘာ့ ပဋိသန္ဓေ တားဆီးခြင်းနေ့ (World Contraception Day)

Written By Unknown on Thursday, September 26, 2013 | 3:57 PM

စက်တင်ဘာလ ၂၆ ရက်

ဆာလောင်မှုကို ဆန့်ကျင်နိုင်တဲ့ တစ်ခုတည်းသော ကုစားချက်က သင့်တော်တဲ့ သားဆက်ခြားနည်းပဲ။
- ဖရီးဒရစ်ခ်ျ ဒူးရန်မတ် (၁၉၂၁-၁၉၉၀)
- ၂၀ ရာစု ဆွစ်ဇာလန်စာရေး ဆရာကြီး။

ဒီနေ့ကို စက်တင်ဘာလ ၂၆ ရက်နေ့တိုင်း ကျင်းပစေဖို့ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်း ၁၀ ခု ရှိပါတယ်။ အဲဒါတွေက - (၁) ပဋိသန္ဓေ တားဆီးခြင်းဆိုင်ရာ အာရှ-ပစိဖိတ် ကောင်စီ APCC (Asian Pacific Council on Contraception)၊ (၂) လက်တင် အမေရိကန် အလယ်ပိုင်းအဖွဲ့ (Centro Latinamericano Salud y Mujer)၊ (၃) ပဋိသန္ဓေ တားဆီးခြင်းနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဥရောပ လူမှုအဖွဲ့အစည်း (European Society of Contraception and Reproductive Health)၊ (၄) ကမ္ဘာ့ လူဦးရေဆိုင်ရာ ဂျာမန် ထောက်ပံ့ရေး အဖွဲ့အစည်း (German Foundation for World Population)၊ (၅) သူငယ်နာနှင့် ဆယ်ကျော်သက် မီးယပ်၊ သားဖွားကုဆိုင်ရာ နိုင်ငံတကာ အဖွဲ့ချုပ် (International Federation of Pediatric and Adolescent Gynecology)၊ (၆) နိုင်ငံတကာ မိဘ ဘဝ ကြိုတင်စီမံမှု အဖွဲ့ချုပ် (International Planned Parenthood Federation)၊ (၇) မာရီစတုပ်စ် နိုင်ငံတကာ အဖွဲ့အစည်း (Marie Stopes International)၊ (၈) လူဦးရေ ဝန်ဆောင်မှုများ နိုင်ငံတကာအဖွဲ့ (Population Services International)၊ (၉) လူဦးရေ ထိန်းချုပ်မှုကောင်စီ (Population Council) နဲ့ (၁၀) နိုင်ငံတကာ ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ အမေရိကန် ပြည်ထောင်စုအေဂျင်စီ USAID (United States Agency for International Development) တို့ပဲ ဖြစ်ပါတယ်။ တခြားသော နိုင်ငံတကာ NGO အဖွဲ့တွေနဲ့ အမျိုးသမီးရေး လှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကလည်း ပူးပေါင်း ပါဝင်လေ့ ရှိပါတယ်။

ဒီနေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်က ပဋိသန္ဓေ တားဆီးခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးနဲ့ လိင်ပညာပေး အစီအစဉ်တွေကို မြှုပ်နှံပါဝင်မှု မြင့်တက် လာစေဖို့ပါ။ ၂၀၀၇ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် စတင်ကျင်းပ ဖြစ်ခဲ့ပါတယ်။

အိမ်ထောင်စုတိုင်းမှာ မိသားစုဘဝ ကြိုတင်စီမံချက် (Family Planning) ရှိမှုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ် ဖြစ်နေပါပြီ။ ဘယ်အချိန်မှာ ကလေးယူမယ်၊ သားဆက်ခြားရေးကို ဘယ်လိုအသုံး ပြုမယ်၊ သားသမီးတစ်ယောက်နဲ့ တစ်ယောက်ကို အချိန်ကာလ ဘယ်လောက်ခြားပြီး မွေးဖွားမယ် စတာတွေဟာ မိသားစုဘဝ ကြိုတင် စီမံချက်ထဲက ဦးစားပေး ကိစ္စရပ်တွေပါ။ လိင်ပညာပေးရေး၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတွေကို ကြိုတင်ကာကွယ်ရေး၊ ကိုယ်ဝန်မဆောင်ခင် ဆွေးနွေးတိုင်ပင်ခြင်း၊ ကလေးမရနိုင်မှုကို စီမံခန့်ခွဲခြင်း စတာတွေကတော့ မိသားစုဘဝ ကြိုတင် စီမံချက်ထဲက ဒုတိယဦးစားပေး ကိစ္စတွေ ဖြစ်ပါတယ်။ သားကြောဖြတ်ခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်း တို့ဟာလည်း မိသားစုဘဝ ကြိုတင် စီမံချက်ထဲမှာ အကျုံးဝင်ပါတယ်။

ကလေးငယ်တစ်ယောက်ကို လူလားမြောက်အောင် ပြုစုပျိုးထောင် ပေးရတဲ့ အခါ အဓိကလိုအပ်တဲ့ အရင်းအမြစ် လေးခုရှိပါတယ်။ အဲဒါတွေက အချိန်၊ လူမှုရေး၊ ဘဏ္ဍာရေးနဲ့ ပတ်ဝန်းကျင် အခြေအနေတို့ပါ။

မိသားစုဘဝ ကြိုတင်စီမံချက်ကို ချမှတ်တဲ့အခါ ဒီရင်းမြစ်လေးခုကို အဓိကစဉ်းစားဖို့ လိုပါတယ်။

အထက်မှာ ပြောခဲ့တဲ့ အချက်တွေထဲမှာ မပါဝင်သေးတဲ့ ကိစ္စရပ်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ သဘာဝအတိုင်း မိမိရင်သွေးကို မိမိကိုယ်တိုင် မွေးဖွားတာ မဟုတ်ဘဲ အငှားကိုယ်ဝန်ဆောင်ခြင်း၊ မေထုန်မဲ့ မျိုးပွားခြင်းနဲ့ သားသမီး မွေးစားခြင်းတို့ပါ။

ကိုယ်ဝန်ဆောင်မယ့် မိခင်တစ်ယောက်ဟာ မိခင်နဲ့ကလေး ကျန်းမာရေးအတွက် အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီး သင့်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကို အနည်းဆုံး နှစ်နှစ်ခြားပြီး မွေးဖွားသင့်ပါတယ်။ ဒါပေမဲ့ ငါးနှစ်ထက်တော့ ပိုပြီးမခြားသင့်ပါဘူး။ ကိုယ်ဝန် ပျက်ကျတာ ဒါမှမဟုတ် ကိုယ်ဝန် ဖျက်ချတာတို့ပြီးရင် နောက်ထပ် ကိုယ်ဝန်ဆောင်မှုကို အနည်းဆုံး ခြောက်လကျော် စောင့်ဆိုင်း ဆောင်ရွက်သင့်ပါတယ်။ အသက် ၃၀ကျော်ပြီးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ အသက် ၃၀ အောက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထက် အန္တရာယ် ပိုများပါတယ်။

အထီးကျန် စိတ်ဝေဒနာရောဂါ ပါလာတဲ့ ကလေးငယ်တွေ၊ မျက်နှာပြားပြား မျက်လုံးပိတ်ပိတ်နဲ့ ဦးနှောက်မမှန်ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ဖြစ်ပွားတာ၊ ဗိုက်ခွဲ မွေးဖွားဖို့ ပိုလိုအပ်တာ၊ စိတ်ကျရောဂါပို ခံစားရတာ စတာတွေဟာ သက်ကြီး ကိုယ်ဝန်ဆောင်မှုရဲ့ ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရပ်ဆိုးတွေ အားလုံးကို ကာကွယ်နိုင်တာကတော့ သင့်တော်တဲ့ ပဋိသန္ဓေ တားဆီးနည်းတွေပါပဲ။ အမျိုးသမီး သားကြောဖြတ်ခြင်းနဲ့ အမျိုးသား သားကြောဖြတ်ခြင်းတွေက အဓိက ပဋိသန္ဓေ တားဆီးနည်းတွေ ဖြစ်ပါတယ်။ ဒီနှစ်ခုအောက်မှာမှ ကွဲပြားတဲ့ ပဋိသန္ဓေ တားဆီးနည်း-၁၃မျိုး ရှိပါသေးတယ်။ ဆရာဝန်ကြီးတွေရဲ့ အကြံပြုချက်တွေ အတိုင်းသာ သင့်တော်စွာ ဆောင်ရွက်သင့်ပါတယ်။

အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန် အောက်လွှတ်တော်အမတ် (အမျိုးသမီး) လူးဝစ် ဆလော့တာ ပြောဖူးတဲ့ နာမည်ကြီး စကားတစ်ခွန်း ရှိပါတယ်။ ‘ကလေး လိုချင်တဲ့ အမျိုးသမီးတွေ အပါအဝင် အမျိုးသမီး အများစုအတွက် ပဋိသန္ဓေ တားဆီးခြင်းဟာ ရွေးချယ်မှုတစ်ခု မဟုတ်ဘူး။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တစ်ခုသာ ဖြစ်တယ်’ ။

(လူသာမန်)

The Voice Weekly