Home » » White Card ကိုင်ဆောင်သူများ မဲပေးခွင့်ရရှိရန် ရွေးကောက်ပွဲ ကော်မရှင် သာ ဆုံးဖြတ်သင့်ဟုဆို

White Card ကိုင်ဆောင်သူများ မဲပေးခွင့်ရရှိရန် ရွေးကောက်ပွဲ ကော်မရှင် သာ ဆုံးဖြတ်သင့်ဟုဆို

Written By Unknown on Monday, September 16, 2013 | 11:52 AM

ရန်ကုန်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံသားအဖြစ် တရားဝင် မသတ်မှတ်နိုင်သူ အများစုကို ယာယီသက်သေခံအဖြစ် ထုတ်ပေးသည့် White Card ကိုင်ဆောင်ထားသူများ လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိ မရှိ ကိစ္စ သည် ရွေးကောက်ပွဲ ကော်မရှင်ကသာ အဆုံးအဖြတ် ပေးသင့်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး သတင်းဌာနများ၏ မေးမြန်းမှုကို ၎င်းကယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။

“နိုင်ငံသားဖြစ် မဖြစ် မသေချာတဲ့ သူတွေကို ဝှိုက်ကတ်ပေးတယ်။ အဲဒီသူတွေ မဲပေးခွင့်ရှိခြင်း မရှိခြင်းကို ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ရမယ်” ဟု ဦးခင်ရီက ဆိုသည်။

ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိ မရှိကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အတည်ပြု ဆုံးဖြတ်သင့်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာလ ၁၄ နေ့၌ ပြောကြားထားသည်။

သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသား ဟုတ် မဟုတ် စိစစ်ခြင်းနှင့် နိုင်ငံသား မဟုတ်သူများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ White Card ထုတ်ပေးခြင်းကိုသာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး မဲပေးခွင့် ရှိ မရှိ ဆုံးဖြတ်ရန်မှာ ရွေးကောက်ပွဲ ကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း တုံ့ပြန်ပြောကြားသည်။

White Card ကိုင်ဆောင်သူများကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချမှုကြောင့် အချုပ်အခြာ အာဏာကို ထိခိုက်နိုင်ပြီး ၎င်းတို့ကို မဲပေးခွင့် မပြုသင့်ကြောင်း ရခိုင်အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ၂၀၁၅ ရွေးကောက်ပွဲနှင့် ရခိုင် နိုင်ငံရေး အနာဂတ် ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင် White Card ကိုင်ဆောင်သူများကို မဲပေးခွင့် မပြုသကဲ့သို့ မြန်မာနိုင်ငံရှိ White Card ကိုင်ဆောင်သူများကို မဲပေးခွင့် မပြုသင့်ကြောင်း ရခိုင်တိုင်းရင်းသား စာရေးဆရာ ဦးသာထွန်းနိုင်က ဆိုသည်။

ရခိုင်ဒေသတွင် ဘင်္ဂါလီ လူမျိုးများ နေထိုင်သည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သည့်အတွက် နိုင်ငံအတွင်း နေထိုင်သည့် လူသားများ ဖြစ်သောကြောင့် မဲပေးပိုင်ခွင့် ရှိသင့်ကြောင်း စစ်တွေမြို့ သဲချောင်း ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ဦးမောင်မောင်က ထောက်ပြသည်။

ရခိုင်ပြည်နယ် အတွင်းရှိ White Card ကိုင်ဆောင်ထားသည့် ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားသည့် အနေနှင့် မဲပေးပိုင်ခွင့် ပြုသင့်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက သြဂုတ်လအတွင်း ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောဆိုထားသည်။

ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ဘင်္ဂါလီလူမျိုး တစ်သန်းကျော်ရှိပြီး ယင်းတို့အနက် ငါးသိန်းခန့်ကို White Card ထုတ်ပေးထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly