Home » » NLD ၏ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောထား ထုတ်ပြန်ချက် ယနေ့ကြေညာမည်

NLD ၏ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောထား ထုတ်ပြန်ချက် ယနေ့ကြေညာမည်

Written By Unknown on Saturday, September 28, 2013 | 12:23 PM

ရန်ကုန်၊ စက်တင်ဘာ ၂၇

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုများအကြား သဘောထား ကွဲလွဲနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ မူဝါဒ သဘောထားကို
(စက်တင်ဘာလ ၂၈ ရက်နေ့) ယနေ့ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းတွင် စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပသည့် NLD ပါတီ တည်ထောင်သည့် ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားအပြီး ပြည်တွင်းပြည်ပ သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် အခြေခံဥပဒေနှင့် ပတ်သက်သည့် မူဝါဒ သဘောထားကို ကြေညာမည် ဖြစ်သည်။
“အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတယ်လို့ ပြောလို့ရမှာ မဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်။

၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက ပြဿနာပေါင်းများစွာ ကြုံတွေ့နိုင်ပြီး မည်သို့သော ပြဿနာများ ဖြစ်လာမည် ဆိုခြင်းကိုမူ ပြောရန်စောသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

နိုင်ငံရေးပါတီ ၂၁ ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့တို့ ပါဝင်သည့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၌ စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ သုံးရက်ကြာ ကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းစ ကာလတွင် တပ်မတော်က ကျောထောက် နောက်ခံ ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပါက အာဏာသိမ်း နောက်ကြောင်း ပြန်လှည့်မှု ဖြစ်ပေါ်နိုင်သဖြင့် သတိထားရန် လိုကြောင်း နိုင်ငံရေး လေ့လာသူအချို့က သုံးသပ်ထားသည်။

The Voice Weekly