Home » » လယ်သမားကို သေနတ်ဖြင့်ပစ်သော DKBA တပ်သားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိ

လယ်သမားကို သေနတ်ဖြင့်ပစ်သော DKBA တပ်သားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိ

Written By Unknown on Monday, September 2, 2013 | 7:19 PM

မော်လမြိုင်၊ စက်တင်ဘာ ၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနိုင်း ကျေးရွာတွင် လယ်သမားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် DKBA တပ်သားနှစ်ဦးကို ၁၅ ရက်ကျော်ကြာ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ကျိုက်မရောမြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးတစ်ဦးက ပြောကြားသည်။

အဆိုပါ DKBA တပ်သားမျိုးလင်းနှင့် ဝင်းကျော်တို့ကို ကျိုက်မရောမြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားသော်လည်း ယင်းတပ်သား နှစ်ဦးမှာ ထွက်ပြေးနေသဖြင့် တပ်မတော်နှင့် ပူးပေါင်းရှာဖွေမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခံရသော ဦးကုလားလေးသည် DKBA တပ်ဖွဲ့က စိုက်ပျိုးထားသော ရော်ဘာ ပျိုးပင်စိုက်ခင်း နေရာတွင် စပါးစိုက်ရန် ထွန်ယက်ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျိုက်မရော အခြေစိုက် DKBA တပ်ဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။

သေနတ်ဖြင့် အပစ်ခံရသူ ဦးကုလားလေးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရယ် စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း ဦးကုလားလေး၏ ဖခင် ဦးဇီကီယာက ဆိုသည်။

အဆိုပါ DKBA တပ်သားနှစ်ဦးသည် သြဂုတ်လ ၁၅ ရက်နေ့တွင် ကလိုင်းနိုင်းကျေးရွာမှ လယ်သမား သုံးဦးကို လာရောက် ခေါ်ယူသွားပြီး စကားများကြရာမှ ဦးကုလားလေးကို သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly