Home » » ရွှေပြည်သာမှာ လယ်သမားတွေ ဆန္ဒပြခွင့် ငြင်းပယ်ခံရ

ရွှေပြည်သာမှာ လယ်သမားတွေ ဆန္ဒပြခွင့် ငြင်းပယ်ခံရ

Written By Unknown on Thursday, September 19, 2013 | 10:01 PM

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် အပိုင်း ၁ နဲ့ ၂ လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား ၁၀၀ ကျော်က မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ ဆန္ဒပြခွင့်တောင်းရာမှာ ရဲတပ်ဖွဲ့က လယ်သမားတွေ ဆန္ဒပြလိုတဲ့နေရာကို ခွင့်မပြုဘဲ ငြင်းပယ်လိုက်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

စက်မှုဇုန်မဆောက်ခင် လယ်သမားတွေက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဆီကနေ မြေငှားရမ်းပြီးစိုက်ပျိုးရာမှာ အခုရက်ပိုင်းအတွင်း မြေတူးတာနဲ့ ခြံစည်းရိုးခတ်တာတွေကြောင့် စိုက်ခင်းတွေပျက်စီးတာကို အကြောင်းပြုပြီး ဆန္ဒပြခွင့်တောင်းခံခဲ့တာလို့ ဆိုပါတယ်။

ရွှေပြည်သာ သာဓုကန် ဘုရားလမ်းကနေ ဘုရင့်နောင်လမ်းမမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအထိ ဆန္ဒပြခွင့်လျှောက်ထားတာကို ရဲတပ်ဖွဲ့က ခွင့်မပြုဘူးလို့ လယ်သမား ဦးသိန်းလွင်က RFA ကိုပြောပါတယ်။

အဲဒီ သာဓုကန်စက်မှုဇုန် အပိုင်း ၁၊ ၂ မှာရှိတဲ့ လယ်မြေဧက ၁၀၀ ကို လယ်သမားဆယ်ဦးက ၂၀၀၇ ခုနှစ်မှာ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီဌာနကနေ ငှားရမ်းလုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ လွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မတီက အဲဒီစက်မှုဇုန် ဆောက်မယ့်နေရာမှာ ငှားရမ်းလုပ်ကိုင်နေတဲ့ လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေအကြား ပြေလည်မှုရအောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

RFA Burmese