Home » » နှစ် ၅၀ မြုပ်နေသည့် မြေအောက်ဆူး

နှစ် ၅၀ မြုပ်နေသည့် မြေအောက်ဆူး

Written By Unknown on Friday, September 13, 2013 | 6:40 PM

မှောင်ခိုကုန်သွယ်မှု ပမာဏသည် တရားဝင် ကုန်သွယ်မှု ပမာဏထက် အဆ ၂၀ ခန့် ရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
မြေပေါ် ကုန်သွယ်ရေးထက် မြေအောက်ကုန်သွယ်ရေးက အဆ ၂၀ ခန့် ရှိနေသည့်သဘော။

ယင်းသို့ တရားမဝင်ကုန်စည် ကြီးစိုးနေမှုကို ပပျောက်စေရန်အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ လမ်းညွှန်ချက်ဖြင့် မှောင်ခိုကုန်သွယ်မှု တားဆီးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားမဝင် ကုန်သွယ်မှု ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mobile Team) များဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဖမ်းဆီးစစ်ဆေး အရေးယူခဲ့သည်။

မှောင်ခိုပစ္စည်း အများဆုံး တင်သွင်းသော အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ တရားမဝင် ဝင်ရောက်လာမည့် ကုန်စည်များကို တားဆီးရန် မြဝတီ-ရန်ကုန် လမ်းကြောင်းနှင့် မူဆယ်-မန္တလေး လမ်းကြောင်းတို့တွင် တရားမဝင် ကုန်သွယ်မှု ရွေ့လျားစစ်ဆေးရေး အဖွဲ့များဖြင့် စောင့်ကြပ်တားဆီးလျက် ရှိသည်။

တရားမဝင်ကုန်စည် ဖမ်းဆီးမှု၏ ၁၀ လတာကာလအတွင်း ကျပ် ၆ ဒသမ ၃ ဘီလီကျော် တန်ဖိုးရှိ ကုန်စည်များကို ဖမ်းမိ၍ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာအဖြစ် ပေးအပ်နိုင်ခဲ့ပြီး ယင်းကာလအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၉၀ ကျော် တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မြဝတီကုန်သွယ်ရေးဇုန် တစ်ခုတည်းကပင် ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းနှင့် ကုန်သွယ်မှုပမာဏ တစ်ဘီလီယံကျော် လျော့နည်းရာ မှောင်ခိုကုန်သွယ်မှု မည်မျှကြီးမားကြောင်း တွေ့နိုင်မည် ဖြစ်သည်။

မှောင်ခိုကုန်သွယ်မှုသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ် ပြီးခဲ့သည့် နှစ် ၅၀ ခန့်ကပင် အစပြုခဲ့ခြင်း ဖြစ်သည်။

မဆလခေတ် တစ်လျှောက်လုံး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကို အားမပေးခဲ့သည့် အချက်များကြောင့် ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်ကို မှောင်ခိုဈေးကွက်ဖြင့် ဖြည့်ဆည်းခဲ့ရသည်။ ယင်းအခြေအနေများ သည် မြန်မာနိုင်ငံ၏ မှောင်ခိုကုန်သွယ်ရေးဆူး အစပျိုးနစ်ဝင်ခဲ့ခြင်း ဖြစ်သည်။

“သွင်းကုန် လိုင်စင်ရရင်ပဲ သူဌေးဖြစ်တဲ့ခေတ်လေ။ ပြည်တွင်းကလည်း မည်မည်ရရ မထုတ်နိုင်ဘူး။ နိုင်ငံခြားပစ္စည်းကလည်း အကန့်အသတ်ရှိတယ်။ ဈေးကွက်သဘောအရ ရှားရင် ဈေးကြီးတယ်။ ဈေးကြီးတော့ စွန့်စားပြီး မှောင်ခိုသွင်းတယ်” ဟု ရန်ကုန်မြို့တော် အခြေစိုက် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မင်းက ဆိုသည်။

ပတ္တမြားမြေဟု တင်စားခဲ့သည့် မိုးကုတ်ရတနာမြေမှ ရတနာများသည် မှောင်ခိုဈေးကွက် မှတစ်ဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည်ကို စာရေးဆရာ ဦးလှဝင်း (လေသူရဲတစ်ဦး) က ၎င်း၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ အလားတူ ကျောက်စိမ်းမထွက်သော ဇင်းမယ်ကို ကျောက်စိမ်းမြို့တော်ဟု လည်းကောင်း၊ အဖိုးတန်ကျောက်လုံးဝ မထွက်သော ဘန်ကောက်သည် ရောင်စုံကျောက်မြို့တော်ဟု လည်းကောင်း အမည်တွင်ခြင်းသည် မြန်မာ့မှောင်ခို၏ ကောင်းမှုပင် ဖြစ်သည်။

“ဟေ့ ဇင်းမယ်မြို့ကြီးကို ကမ္ဘာ့မြို့ကြီးတစ်ခု ဖြစ်လာအောင် တည်ထောင်ခဲ့ကြတာက မြန်မာ့ကျောက်စိမ်း ကုန်သည်တွေ။ ဘန်ကောက်မြို့ကြီးကို ကမ္ဘာ့ရတနာ မြို့တော်ကြီးဘဝကို ရောက်အောင် လုပ်ပေးခဲ့ကြတာက မိုးကုတ်မြို့သား ပတ္တမြား၊ နီလာ ကုန်သည်တွေကွ” ဟု ဦးလှဝင်း (လေသူရဲတစ်ဦး) ၏ ဆောင်းပါး၌ ထည့်သွင်းရေးသားထားသည်။

ထိုအခြေအနေသည် ဆိုရှယ်လစ် ခေတ်မှောင်ခို ကုန်သွယ်မှုကို မီးမောင်းထိုးပြလျက်ရှိပြီး မြန်မာ့မှောင်ခိုသည် ယင်းကာလကပင် အင်အားကြီးကြီးဖြင့် အရှိန်ရနေပြီ ဖြစ်သည်။

ယင်းသို့ အရှိန်ရလာသော မှောင်ခိုကုန်သွယ်မှုများတွင် ပို့ကုန်မှောင်ခိုသာမက သွင်းကုန်မှောင်ခိုများလည်း အင်အားကြီးကြီး စီးဝင်လျက်ရှိသည်ကို တွေ့ရသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံတွင် ပါဝင်သော အိမ်နီးချင်း တရုတ်နိုင်ငံမှ ပလတ်စတစ်ဆန်၊ ရောဂါပိုးပါ ကြက်ဥများနှင့် ကြက်သားများ၊ ကျန်းမာရေး ထောက်ခံချက် မပေးနိုင်သည့်။ စားသုံးရန် မသင့်သည့် မုန့်မျိုးစုံနှင့် စားသောက်ကုန်များ၊ ထိုင်းနိုင်ငံမှ တင်သွင်းလာသော စွန့်ပစ်မြောင်းဆီများ၊ အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် တရားမဝင် ဆေးဝါးများမှာ ပြည်တွင်းသို့ ဥဒဟိုစီးဝင်လျက် ရှိသည်။

တရားမဝင် ကုန်စည်များ ဝင်ရောက်နေခြင်းသည် တိုင်းပြည်အတွက် အခွန်မရရုံမက ပြည်သူများ၏ ကျန်းမာရေးကိုပါ ခြိမ်းခြောက်စပြုနေပြီ ဖြစ်သည်။

“ဥပဒေအရ တားမြစ်ထားတဲ့ ကြက်သားပေါက်တွေ ကားအစီးလိုက် ဝင်လာတယ်။ ဒါကအစိုးရမှာ တာဝန်ရှိတာ။ Mobile Team တွေနဲ့စစ်တာ ဒါတွေကို မတွေ့ဘူးဆိုတော့ ဘယ်လိုပြောရမလဲ” ဟု ရန်ကုန်တိုင်းဒေသကြီး အသားတိုး ကြက်မွေးမြူ ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါ်လှလှသိန်းက ဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့သည့် မိုဘိုင်းလ်တင်းမ်သည် လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်နေသည်ဟု ကုန်သည်အချို့ကလည်း စွပ်စွဲပြောကြားသည်။

“Mobile Team မှောင်ခိုဖမ်းတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက် ပိတ်နိုင်မှာလဲ။ အကောင်သေး (ကုန်သည်ငယ်) တွေဖမ်းပြီး အကောင်ကြီး (နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်) တွေလွတ်နေတယ်။ ဒါရဲ့ နောက်ကွယ်မှာ ဘာရှိလဲ” ဟု ရန်ကုန်မြို့တော် အခြေစိုက် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဦးအောင်မင်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လိုင်စင်အရ စက်သုံးဆီ တန် ၁၀၀ ခန့်သာ တင်သွင်းခွင့် ပြုသော်လည်း တန် ၅၀၀ မှ တန် ၁၀၀၀ အထိ တင်သွင်းနေပြီး အစိုးရနှင့် နီးစပ်သည့် ပြည်တွင်းရှိ နာမည်ကြီး ကုမ္ပဏီကြီးများ ပါဝင်လျက် ရှိသည်ဟု လှိုင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြောကြားထားသည်။

အဆိုပါ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်ပင် စက်သုံးဆီတင် သင်္ဘောများကို ရဲများက ဖမ်းဆီးခွင့်မရှိဟူ ယခင်ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ အမိန့်ကြောင့် စစ်ဆေးခြင်း မရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ်ကျော်ကျော်ထွန်းကလည်း ပြောကြားခဲ့သည်။
အဆိုပါ အချက်များကို ကြည့်လျှင် မြန်မာပြည်၌ နစ်ဝင်နေသော မှောင်ခိုဆူးသည် မည်မျှထိ နက်ရှိင်းစွာ နေရာယူနေသည်ကို တွေ့နိုင်သည်။

မှောင်ခိုကုန်သွယ်မှု တားဆီးသည့် တရားမဝင် ကုန်သွယ်မှု ရွှေ့လျားစစ်ဆေးရေး အဖွဲ့သည် ခြစားမှုများနှင့် ပတ်သက်သည်ဆိုပါက တိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က လွှတ်တော်မှတစ်ဆင့် ပြည်သူသို့ တရားဝင် ကြေညာထားသည်။

“မိုဘိုင်းလ်တင်းမ်ကို လာဘ်ငွေလိုချင်လို့ ကုန်တွေစစ်တာ။ ခွင်ဖန်တာဆိုပြီး ပြောကြတာတွေ ရှိတယ်။ ဒီတော့ သက်သေအတိအကျနဲ့ တိုင်ပါ။ အရေးယူပါမယ်။ မတိကျဘဲ လုပ်ကြံတိုင်ကြားရင် ကျွန်တော် တို့က တိုင်တဲ့လူကို ပြန်ပြီးအရေးယူပါမယ်” ဟု ရွေ့လျားစစ်ဆေးရေးအဖွဲ့ ဗဟိုကော်မတီ၊ ရုံးလုပ်ငန်းကွပ်ကဲမှု တာဝန်ခံ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှုရွေ့လျား စစ်ဆေးရေးအဖွဲ့၏ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်ပါက ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်သို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း စီးပွား၊ ကူးသန်း ကြေညာသင်ပုန်းတွင် လက်ကိုင်ဖုန်းနံပါတ်နှင့်တကွ စာကပ်ထားသည်။

“မှောင်ခိုသွင်းသူ မှန်သမျှ ဖမ်းနိုင်အောင် ကြိုးစားနေပါတယ်။ ကုန်သည်အကြီးအသေး မခွဲပါဘူး။ နောင်ဆို ဂိုဒေါင်တွေတောင် စစ်ဖို့စီစဉ်နေပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ဆိုသည်။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ကုန်စည်များကို စစ်ဆေးရန်အတွက် တရားမဝင် ကုန်သွယ်မှု ရွေ့လျားစစ်ဆေးရေး အဖွဲ့များဖြင့် ဖမ်းဆီးမှုသည် ရှောင်းကွင်းလမ်း များပြားမှု၊ ဝန်ထမ်း အင်အား၊ ငွေကြေးအင်အားအပြင် လုံခြုံရေး အခြေအနေများကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ရကြောင်း မိုဘိုင်းလ်တင်းမ်တွင် လိုက်ပါ၍ တာဝန်ထမ်းဆောင်ရသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိများက ဆိုသည်။

“ဒီမှောင်ခို တားဆီးရေးကို Mobile Team လုပ်လို့ အောင်မြင်မှာလားမေးရင် ဒါက Challenge ပါ။ မှောင်ခို အကုန်ပျောက်မယ်လို့ အာမခံ ဘယ်ပေးနိုင်ပါ့မလဲ။ ဒါပေမဲ့ အားလုံးလည်း ပူးပေါင်းပါဝင်မယ် ဆိုရင် အတိုင်းအတာတစ်ခုထိ အောင်မြင်မှာပေါ့။ တစိုက်မတ်မတ် လုပ်ဖို့တော့ လိုမယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း လိုင်စင်မဲ့ ကုန်ပစ္စည်းမျိုး ဖြေလျှော့ပေးခြင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် (Individual Trading Card-ITC) များ ထုတ်ပေးခြင်း ကဲ့သို့ ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှုများ ရှိသော်လည်း မှောင်ခိုကုန်သွယ်မှုကတော့ ရှိနေဆဲ ဖြစ်သည်ကို ရန်ကုန်မြို့ရှိ အထင်ကရ ဈေးကြီးများတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဝင်ရောက်လာသော ကုန်ပစ္စည်းများက သက်သေခံလျက် ရှိသည်။

မှောင်ခိုကုန်သွယ်မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ဝင်ရောက်ရာ ပင်လယ်ရေကြောင်း မှောင်ခိုဖမ်းဆီးမှုအဖြစ် ရန်ကုန်ဆိပ်ကမ်း မှောင်ခိုဖမ်းဆီးမှုကို ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့အထိ ၁၇ မှု ဖမ်းဆီးနိုင်ခဲ့ကာ ကမ်းရိုးတန်းသွား သင်္ဘောများ၏ မှောင်ခိုကုန်သွယ်မှုကိုမူ လာမည့်လ အနည်းငယ်အတွင်း စတင်စစ်ဆေးနိုင်ရန် စီစဉ်လျက် ရှိသည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေတွင်မူ ခေတ်နှင့်မညီသော ပြဋ္ဌာန်းချက်များ ပါဝင်သောကြောင့် ရေကြောင်းဖြင့် သယ်ဆောင်သည့် မှောင်ခိုကုန်သွယ်မှုကိုမူ ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူမည် ဖြစ်သည်။

အမြစ်တွယ်နေသည့် မှောင်ခိုဆူးကို ထွင်းရန်ကြိုးစားသည့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ စီမံကိန်း မည်မျှအောင်မြင်သည်ကို ပြည်သူက စောင့်ကြည့်လျက်ရှိသည်။

မြန်မာ့ မှောင်ခိုကုန်သွယ်မှု စွမ်းအားဖြင့် ကျောက်မထွက်သော ဘန်ကောက်မြို့ကို ကျောက်မျက်မြို့တော်အဖြစ် ကမ္ဘာ့အလယ်မှာ ထည်ဝါစေခဲ့ပြီ ဖြစ်သည်။ ထို့အတူ တစ်ချိန်က စိမ်းစိုအုံ့ဆိုင်းနေခဲ့သော မြန်မာ့သစ်တော ဖုံးလွှမ်းမှုသည်လည်း ၄၆ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ ပြီဖြစ်သည်။ မျက်ဝါးထင်ထင် တွေ့နိုင်သည့် အရာများ၏ လျော့ပါးပျောက်ကွယ်လာမှုကို တွေ့နိုင်သော်လည်း ရုပ်ဝတ္ထုအားဖြင့် ထင်ရှားမှုမရှိသော ကျန်းမာရေး ပြဿနာများက ပြည်သူများအကြားတွင် မည်မျှထိ စူးနစ်ဝင်ရောက် နေရာယူနေမည်ကို မှန်းဆရန် ခက်သည်။

နိုင်ငံ့စီးပွားရေးတွင် နှစ် ၅၀ ကြာ နစ်မြုပ်နေသည့် သက်တမ်းရင့် ဆူးတစ်ချောင်းကို ဆွဲနုတ်ရန် ကြိုးစားနေသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ စီမံကိန်းမည်မျှ အောင်မြင်မည်နည်း။ သမင်တစ်လှမ်း ကျားတစ်လှမ်းဆိုသည့် ဆိုရိုးစကားအလား ဖမ်းသူကတစ်ယောက်၊ မှောင်ခိုသမားက တစ်ရာ ဖြစ်နေသည့် လက်ရှိအချိန်ကို အစိုးရ ကျော်ဖြတ်နိုင်မည်လားဆိုသည့် မေးခွန်းများလည်း ရှိနေသည်။

(ရဲနိုင်ဦး) - The Voice Weekly