Home » » အသိမ်းခံလယ်မြေမှာ ထွန်ယက်လို့ တရားစွဲခံရ

အသိမ်းခံလယ်မြေမှာ ထွန်ယက်လို့ တရားစွဲခံရ

Written By Unknown on Tuesday, September 3, 2013 | 5:22 AM

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ စပါးရိုကျေးရွာက လယ်သမား ၅ ယောက်ဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ကသိမ်းယူထားတဲ့ လယ်ယာမြေတွေထဲမှာ ဝင်ရောက်ထွန်ယက်လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှု ပုဒ်မ(၄၄၇)နဲ့ တရားစွဲဆိုခံထားရပါတယ်။

ပြီးခဲ့တဲ့ ဇွန်က ၁ ရက်နေ့က ဆည်မြောင်းကသိမ်းထားတဲ့ လယ်ယာမြေတွေထဲမှာ ဝင်ရောက်ထွန်ယက်ခဲ့တာကြောင့် သြဂုတ်လ ၅ ရက်နေ့မှာ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင် တရားစွဲခံထားရတာ ၃ ပတ်ရှိနေပြီဖြစ်ကြောင်း တရားစွဲခံထားရတဲ့ လယ်သမား ဦးနေမင်းသန်းက RFAကို ပြောပါတယ်။

“ကျနော်တို့ ၁.၆ .၂ဝ၁၃ မှာ ထွန်တုံးတိုက်ပွဲတိုက်တယ်၊ တိုက်ပြီးတော့ ကျနော်တို့ ၃ ပတ်ဆက်တိုက်အထိ တရားရုံးကိုတက်တယ်၊ တကယ်လို့ ကျနော်တို့ တရားရုံးမှမတက်ရင် ထောင်ချမယ်၊ ဒဏ်ငွေ ၅ သိန်းအထိပေးရမယ်လို့ မြို့နယ်တရားလူကြီးကပြောပါတယ်”

လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်လောက်က အမှတ်(၁) စက်မှုဝန်ကြီးဌာနက ဂုန်လျော်စီမံကိန်းအတွက် လယ်သမား ၆၂ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၄ဝဝ ကျော်ကို လျော်ကြးမပေးဘဲ သိမ်းယူခဲ့ပြီး ၁၉၉၄ ခုနှစ်လောက်မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကို ပြန်လွှဲပေးလိုက်တယ်လို့ ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာ လယ်၊ဆည်ဝန်ကြီးဌာနက လယ်ယာမြေတွေကို အခြားလယ်သမားတွေကို သီးစားချထားလိုက်ပြီး မူလလယ်သမားတွေကိုတော့ သီးစားလုပ်ပိုင်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

RFA Burmese