Home » » အထောက်အထား အဓိကထားသဖြင့် ဓားမဦးချ တောင်သူများ နစ်နာဟု သူရဦးရွှေမန်းဆို

အထောက်အထား အဓိကထားသဖြင့် ဓားမဦးချ တောင်သူများ နစ်နာဟု သူရဦးရွှေမန်းဆို

Written By Unknown on Tuesday, September 10, 2013 | 11:11 AM

ထားဝယ်၊ စက်တင်ဘာ ၉

မြေယာစီမံခန့်ခွဲမှု ကော်မတီများသည် မြေယာကိစ္စများကို ဆောင်ရွက်ရာတွင်စာရွက်စာတမ်း အထောက်အထားကိုသာ အဓိကထား ဆောင်ရွက်နေသည့် အတွက် အမှန်တကယ် ဓားမဦးချ လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ တရားစွဲဆို ခံရခြင်းများ၊ ပြစ်ဒဏ် ချမှတ်ခံရခြင်းများ ဖြစ်ပေါ်နေကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

စာရွက်စာတမ်း အထောက်အထား မရှိသော်လည်း အမှန်တကယ် လုပ်ကိုင်နေသူများ၏ မြေယာကိစ္စအတွက် လွှတ်တော် ကိုယ်စားလှယ်များက ပါဝင်ပူးပေါင်းကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာလ ၉ ရက်နေ့တွင် ထားဝယ်မြို့တော်ခန်းမ၌ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါကိစ္စအတွက် လွှတ်တော် ကိုယ်စားလှယ်များ မြို့နယ်စည်ပင်သာယာရေး ကော်မတီများ၊ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့များနှင့် ရွာသူရွာသားများက ပူးပေါင်းကြရန် သူရ ဦးရွှေမန်းက ဆိုသည်။

“လယ်သမားရဲ့ လုပ်ဖော်ကိုင်ဖက် ရွာသူရွာသားတွေက အထောက်အထားတွေ တင်ပြမယ်။ လွှတ်ကိုယ်စားလှယ်တွေကလည်း သူတို့ဘက်က ရပ်တည်ပေးမယ်ဆိုရင် မတရား လယ်ယာသိမ်းဆည်းမှု ခံရခြင်းက လွှတ်မြောက်မယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

တိုင်းဒေသကြီးအတွင်း မြေယာပြဿနာများ ကြုံရသည့်အခါ အထက်ပါအတိုင်း စီမံဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်းလိုကြောင်း သူရဦးရွှေမန်းက ပြောဆိုသည်။

ထို့အပြင် ပေးရမည့်မြေများ အမြန်ဆုံး ပြန်ပေးရန်နှင့် လုပ်ရန်မသင့်သည့် မြေများကို အမြန်ဆုံး ပြန်ပေးရန် သမ္မတထံသို့ သြဂုတ်လ ၂၉ ရက်နေ့က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ အုပ်ချူပ်ရေး အဖွဲ့အစည်းများက မြေယာ ပြန်လည်ပေးအပ်သည့် ကိစ္စများတွင် နှေးကွေးနေကြောင်း ၎င်းကပြောသည်။

သူရဦးရွှေမန်း ပြောဆိုသည့်အတိုင်း လုပ်ဆောင်ပါက ကောင်းမွန်သော်လည်း ဝန်ကြီးချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူးစသည့် တိုင်းခရိုင်အဆင့် အာဏာပိုင်များက လိုက်နာမည်ဟု မထင်ကြောင်း ထားဝယ်ဒေသခံ လယ်သမားအချို့က မှတ်ချက်ပေးသည်။

“လိုက်နာရင်တော့ ကောင်းတာပေါ့။ လိုက်နာပေါစေလို့ပဲ ဆုတောင်းရမှာပေါ့။ အခုလို ကြားရတာ ဝမ်းသာတယ်” ဟု ဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဝင်းက ဆိုသည်။

အခြားဒေသများနည်းတူ တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင်လည်း လယ်ယာမြေ ပြဿနာ ဖြစ်ပွားနေပြီး သူရဦးရွှေမန်း၏ ခရီးစဉ်အတွင်း လယ်သိမ်းခံ လယ်သမားတစ်ခုက ကြိုဆိုရန် ကြိုးစားသော်လည်း ရဲတပ်ဖွဲ့၏ တားဆီးခြင်းခံခဲ့ရသည်။

Dawei Watch

by The Voice Weekly