Home » » ပြည်တွင်း မငြိမ်သက်မှု ရင်းနှီးမြှုပ်နှံမှု အဟန့်အတား ဖြစ်မည် ကို ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

ပြည်တွင်း မငြိမ်သက်မှု ရင်းနှီးမြှုပ်နှံမှု အဟန့်အတား ဖြစ်မည် ကို ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

Written By Unknown on Sunday, September 22, 2013 | 12:52 PM

ရန်ကုန်၊ စက်တင်ဘာ ၂၁

မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသော ဘာသာရေး ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ အဟန့်အတား ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူတွင် ပြုလုပ်နေသော အဆင့်မြင့်စီးပွားရေး ကွန်ဖရင့်တွင် ပြောကြားလိုက်သည်။

ယင်းအချက်များကို မဖြေရှင်းနိုင်ပါက ရင်းနှီးမြှုပ်နှံသူများ စိတ်ချမ်းမြေ့မည့် တည်ငြိမ်ငြိမ်းချမ်းသော ပတ်ဝန်းကျင်မျိုးကို ဆောင်ကြဉ်းနိုင်မည် မဟုတ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပသော အထက်ပါ စီးပွားရေး ကွန်ဖရင့်တွင် ပြောကြားသည်။

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံတကာမှ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံတွင် ကျင်းပသော စင်ကာပူ ထိပ်သီးအစည်းအဝေးပွဲတွင် ပြောကြားခဲ့ကြောင်း Bloomberg သတင်းဌာန ကဖော်ပြသည်။
“စီးပွားရေး အခြေအနေကို ဖွံ့ဖြိုးလာအောင် ပြန်လုပ်ကြတော့မယ်ဆိုရင် အရင်းအနှီးက သေချာပေါက် လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း ပထမဦးဆုံးအကြိမ် သွားရောက်သော စင်ကာပူ ခရီးစဉ်အတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း တရားဥပေးစိုးမိုးရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အမြန်ဆုံး ဆောင်ရွက်ရန်နှင့် အခြေခံဥပဒေ ပြင်ဆင် ရေး လုပ်ငန်းစဉ်များ စတင်ရန် လိုအပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ ထိပ်သီး အစည်းအဝေးပွဲတွင် ပြောကြားလိုက်သည်။
“ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ရှိနေတာကို သဘောကျပါတယ်။ ဒါပေမယ့် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲ ဖြစ်စေချင်တယ်” ဟု ၎င်းက စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သန့်ရှင်းမျှတသော တရားရုံးများ၊ ထိရောက်ပြီး လွတ်လပ်မှုရှိသော တရားစီရင်ရေးစနစ်များ လိုအပ်ပြီး တရားဥပဒေ စိုးမိုးမှု မရှိပါက ရင်းနှီးမြှုပ်နှံမှုများအပေါ် သံသယဝင်နိုင်ကြောင်း ၎င်းကဆိုသည်။
“အစိုးရ အပြောင်းအလဲကာလ နောက်ပိုင်မှာ ရင်းနှီးမြှုပ်နှံမှုက တောက်လျှောက် တက်လာနေတယ်။ ပိုပြီးပွင့်လင်း မြင်သာမှု ရှိလာတာရယ်၊ အခွင့်အလမ်းတွေ ပေါများတာရယ် ကြောင့်ပါ။ ရုံးတွေမှာဆိုရင် နေ့စဉ်လာဆွေးနွေးတဲ့ ပြည်ပကုမ္ပဏီတွေ မနည်းဘူး” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုခရီးစဉ်အတွင်း စင်ကာပူနိုင်ငံသမ္မတ Dr. Tony Tan Keng Yam၊ ဝန်ကြီးချုပ် Mr. Lee Hsien Loong၊ ဂုဏ်ထူးဆောင် ဝန်ကြီးချုပ် Mr. Goh Chok Tong၊ ပါလီမန်ဥက္ကဋ္ဌ Madam Haliamah Yacob တို့ တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံမည် ဖြစ်သည်။

The Voice Weekly