Home » » လုံခြုံရေး အခြေအနေကြောင့် တောထဲတွင် တိမ်းရှောင်နေသည့် ကျေးရွာသား တစ်ရာကျော် ပြန်မခေါ်နိုင်

လုံခြုံရေး အခြေအနေကြောင့် တောထဲတွင် တိမ်းရှောင်နေသည့် ကျေးရွာသား တစ်ရာကျော် ပြန်မခေါ်နိုင်

Written By Unknown on Sunday, September 8, 2013 | 8:02 AM

တိုက်ပွဲများကြောင့် တောထဲထွက်ပြေး တိမ်းရှောင်နေသော မချမ်းဘောမြို့နယ် အင်ခါဂါကျေးရွာသား တစ်ရာကျော်ကို လုံခြုံရေး အခြေအနေများအရ သွားရောက် ခေါ်ယူခွင့်မရသေးဟု ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။

သြဂုတ် ၂၈ ရက်က မချမ်းဘောမြို့နယ်တွင် ခလရ ၁၃၇ နှင့် ကေအိုင်အေတပ်ရင်း ၇ တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သော အင်ခါဂါကျေးရွာမှ ဒေသခံ ၁၀၀ ကျော်မှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး ၎င်းတို့ထဲမှ ၁၁ ဦး သာ နောင်ခိုင်ကျေးရွာသို့ စက်တင်ဘာ ၄ ရက်က ပြန်ရောက်ရှိခဲ့သည်။ ကျန်ရှိနေသောဒေသခံများမှာတောထဲတွင် တိမ်းရှောင်နေကြဆဲဖြစ်ပြီး ၎င်းတို့ကို သွားရောက်ခေါ်ယူရန် ကချင်နှစ်ခြင်းအသင်းတော်က အစိုးရနှင့် ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။
““ဗျူဟာမှူးနဲ့ တွေ့တော့ လုံခြုံရေးကြောင့် ကျွန်တော်တို့ သွားခေါ်လို့မရသေးဘူးပြောတယ်။ ရက်ကလည်းကြာပြီ။ စားစရာလည်း ပါသွားတာမဟုတ်တော့ ကြာရင်စိုးရိမ်ရတယ်””ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့ (PCG)မှ လည်း ယင်းအင်ခါဂါဒေသခံများကို သွားရောက်ခေါ်ယူနိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တင်ပြထားကြောင်းသိရသည်။
““မနေ့က တိုင်းမှူးနဲ့ တွေ့တော့ တင်ပြထားတယ်။ သူတို့ကို မလိခမြစ်အတိုင်း စက်လှေနဲ့ သွားခေါ်လို့ရအောင်””ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာကဆိုသည်။

အဆိုပါ အင်ခါဂါကျေးရွာ ဒေသခံများကို အနီးစပ်ဆုံး မချမ်းဘောမြို့နယ်တွင် နေရာချထားပေးနိုင်ရန် စီစဉ်နေကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းရရှိသည်။

7Day Daily