Home » » မဒေးကျွန်းတွင် တရုတ်နိုင်ငံသားတစ်ဦး ပြတ်ရှဒဏ်ရာဖြင့် သေဆုံး

မဒေးကျွန်းတွင် တရုတ်နိုင်ငံသားတစ်ဦး ပြတ်ရှဒဏ်ရာဖြင့် သေဆုံး

Written By Unknown on Saturday, September 7, 2013 | 1:34 PM

ရန်ကုန်၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၌ လုပ်ကိုင်နေသည်ဆိုသည့် တရုတ်နိုင်ငံသားတစ်ဦး လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အလောင်းကို စက်တင်ဘာလ ၅ ရက်နေ့တွင် ပင်လယ်အတွင်းမှ ပြန်တွေ့ရှိရကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ဒေသခံများအား မေးမြန်းချက်အရ သိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် စက်တင်ဘာလ ၃ ရက်နေ့က ပျောက်ဆုံးသွားခြင်းဖြစ်ပြီး နှစ်ရက်ခန့် အကြာတွင် အလောင်းကို ပင်လယ်အတွင်းမှ ရရှိခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

အဆိုပါတရုတ်နိုင်ငံသား အလောင်း၌ လည်ပင်းအောက်တွင် ပြတ်ရှဒဏ်ရာ အချို့ကို တွေ့ရှိရကြောင်း ကျောက်ဖြူ ဒေသခံတစ်ဦးဖြစ်သည့် ဦးထွန်းကြည်က ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသား ပျောက်ဆုံးစဉ်က ၎င်းနေထိုင်ခဲ့သည့ှ် SEAGP၊ SEAOP ကုမ္ပဏီဝန်ထမ်း လိုင်းခန်းကို သွားရောက်စစ်ဆေးစဉ် အခန်းအတွင်းတွင် သွေးများတွေ့ရှိရကြောင်း မဒေးကျွန်း ရဲတပ်ဖွဲ့စခန်းနှင့် နီးစပ်သူများက ပြောဆိုသည်။

“သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားက CNPC ကပါ” ဟု ကျောက်ဖြူရဲစခန်းမှ တာဝန်မှူးက အတည်ပြု ပြောဆိုသည်။

သို့သော်လည်း သေဆုံးသည့် တရုတ်နိုင်ငံသားသည် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း (CNPC) ကို လုပ်ကိုင်ခွင့် ရရှိထားသည့် SEAGP၊ SEAOP ကုမ္ပဏီတို့မှ ဝန်ထမ်း မဟုတ်သည့်အပြင် ကုမ္ပဏီနှင့် ပတ်သက်မှု တစ်စုံတစ်ရာ မရှိကြောင်း ယင်းကုမ္ပဏီ၏ ပြန်ကြားရေး တာဝန်ခံ ဒေါ်ခင်စန္ဒီက ငြင်းဆိုသည်။

The Voice Weekly