Home » » အိန္ဒိယနယ်စပ်က ချင်းကျေးရွာတွေ စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရ

အိန္ဒိယနယ်စပ်က ချင်းကျေးရွာတွေ စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရ

Written By Unknown on Wednesday, September 18, 2013 | 4:48 AM

အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် ထန်တလန်မြို့ ဇာနတ်တောင်ကြောမှာရှိတဲ့ ချင်းရွာ ၇ ရွာမှာ စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး လူဦးရေသုံးထောင်ကျော်လောက် ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မိုးခေါင်လွန်းတာအပြင် မြေယာတွေကလည်း စိုက်ပျိုးစားသောက်လို့ မရတော့တဲ့အခြေအနေထိ ဆိုးဝါးနေတယ်လို့ ထန်တလန်မြို့နယ် စီးမှုကျေးရွာက ချင်းတိုင်းရင်းသား ဦးဟရမ်ဘေးက RFA ကို အခုလို ပြောပါတယ်။

“မနှစ်တုန်းက မိုးကသိပ်မရွာဘူး၊ စပါးမရိတ်ခင်ပေါ့၊ အဲမှာလေတအားတိုက်တယ်၊ စပါးအထဲမှာ အစေ့မထွက်တော့ဘူး၊ စပါးတွေ အကုန်ပျက်တယ်၊ အဲဒါကြောင့် တရွာလုံးဒုက္ခရောက်နေတယ်၊ စားဖို့မရှိတော့ဘူး”

စားနပ်ရိက္ခာရှားပါးမှု ရင်ဆိုင်နေရတဲ့ ကျေးရွာတွေကတော့ စီးမှု၊ ထန်ရန်း၊ ဖုန်ကန့်၊ ရွတ်ဘိုး၊ ဆိုင်ကမ့်၊ ဘုံခွား၊ လွန်းလဲစတဲ့ ရွာတွေဖြစ်ပါတယ်။ အဲဒီရွာတွေက ရွာသားတွေဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး ဆန်ပြတ်လပ်တာကြောင့် ဆန်ပြုတ်စားနေကြရတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အဲဒီရွာတွေဟာ ထန်တလန်မြို့ကနေ မိုင် ၄ဝ လောက်ဝေးပြီး သွားလာရခက်ခဲတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာဝန်ယူဖြေကြားမယ့်သူတွေ အစည်းအဝေးတက်နေတယ်လို့သာ ပြောပါတယ်။

RFA Burmese