Home » » စားသုံးသူကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်နှင့် တွေ့ဆုံခြင်း

စားသုံးသူကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်နှင့် တွေ့ဆုံခြင်း

Written By Unknown on Sunday, September 15, 2013 | 3:23 PM

မြန်မာလူမျိုးများ နေ့စဉ်ဟင်းပွဲတွင် မပါမဖြစ် စားသုံးနေသော ငါးပိ (ရည်ကျို) များတွင် ဓာတ်မြေသြဇာ ပါဝင်နေကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းက ပြောကြားပြီးနောက်ပိုင်း လူအများစု ငါးပိ မစားသုံးရဲအောင် ဖြစ်သည်အထိ ဂယက်ရိုက်ခဲ့သည်။ ယင်းကြောင့် ငါးပိဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေကို ပြည့်ပြည့်စုံစုံ သိရှိနိုင်စေရန် မြန်မာနိုင်ငံ ငါးပိငါးခြောက် လုပ်ငန်းရှင်များအသင်း (ယာယီ) နာယက ဦးမောင်မောင်သိန်းနှင့် ငါးပိတွင် ဓာတ်မြေသြဇာ ပါသည်ဟု သတင်းထုတ်ပြန်ခဲ့သော စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်တို့ကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

Voice : ငါးပိထဲမှာ ဓာတ်မြေသြဇာ တွေ့တာကို ဘယ်လိုများ သိခဲ့တာလဲဆိုတာ ရှင်းပြပေးပါ။

UBOK : ဒီသတင်းကလွန်ခဲ့တဲ့ ဆယ်လလောက်ထဲက သိခဲ့တာ။ ပထမဆုံး သတင်းပို့တာ မအူပင်ဘက်က သီလရှင်တစ်ပါးပါ။ မအူပင်ဘက်က ငါးပိထဲမှာ ဓာတ်မြေသြဇာတွေ ပါတဲ့အတွက် မစားဖို့ ဖုန်းဆက်ပြောတယ်။ ကျန်တဲ့သူတွေကိုလည်း မစားဖို့ သတိပေးလိုက်ပါလို့ ပြောတယ်။ အဲဒါပြီးတော့ မရှေးမနှောင်းမှာပဲ ဘောလယ်ဘက်နဲ့ ငါးသိုင်းချောင်းဘက်က ငါးပိတွေထဲမှာ ဓာတ်မြေသြဇာတွေ ထည့်တယ်၊ လုပ်ကြတယ်ဆိုပြီး ထပ်ကြားတယ်။

Voice : ဒါဆို ဒီလိုသတင်းရပြီးနောက်ပိုင်း စားသုံးသူ ကာကွယ်ရေးအသင်း အနေနဲ့ ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာ သိပါရစေ။

UBOK : အခုတော့ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန) ပို့ထားတယ်။ ပို့ထားတာ နှစ်ပတ်ရှိပြီ။ သြဂုတ် ၂၈ ရက်နေ့က ပို့ထားတယ်။ ဒီနေ့ထိလည်း စစ်ဆေးဆဲလို့ပြောတယ်။ ဘောလယ်ဘက်က ငါးပိနဲ့ အင်းစိန်ဈေးထဲက ပျံကျဈေးသည်ရောင်းတဲ့ ငါးပိတွေ ရန်ကုန်က နှစ်မျိုးနဲ့ ဧရာဝတီတိုင်းဘက်က တစ်မျိုး သုံးမျိုးပို့ထားတယ်။ ဝယ်တာက ခြောက်မျိုးလောက်ရှိတယ်။ အနံ့ထူးခြားတာ တစ်မျိုးတွေ့တယ်၊ ဘယ်ကလာလဲတော့ မသိဘူး။

Voice : စစ်ဆေးချက်က ဘာကြောင့် ကြန့်ကြာနေတယ်လို့ ပြောပါသလဲ။

UBOK : ဓာတုအချင်းချင်းသုံးပြီး ဓာတုဗေဒပါ မပါ ရှာရလို့။ နောက်ပြီး စိုက်ပျိုးရေးဘက်က ဓာတ်မြေသြဇာ တောင်းရတယ်။ အဲဒီတော့ နည်းနည်းစောင့်ရမယ် ပြောတယ်။

Voice : ဓာတ်ခွဲစစ်ဆေးချက် အဖြေထွက်လာရင်ရော ဘာဆက်လုပ်ဖို့ ရှိပါသလဲ။

UBOK : အဖြေပေါ်မူတည်ပြီး အကြောင်းကြားရမှာပေါ့။ ပြည်သူတွေ ဘက်ကိုလည်း ဓာတ်ခွဲခန်းအဖြေနဲ့ ပတ်သက်ပြီး အသိပေးမှာပါ။

Voice : ငါးပိလုပ်ငန်းရှင် ဘက်ကရော ဒီသတင်းထွက်ပြီးနောက် ဘယ်လိုတုံ့ပြန်မှုတွေ ရခဲ့လဲ။

UBOK : ဧရာဝတီတိုင်း တစ်တိုင်းလုံး ဖျာပုံ၊ ဘောလယ်၊ ညောင်တုန်း၊ ငါးသိုင်းချောင်းတို့၊ မော်လမြိုင်ကျွန်းတို့ဘက်က လုပ်ငန်းရှင်တွေ ကတော့ ဘာမှဖုန်းမဆက်ကြဘူး။ ရန်ကုန်တိုင်းက ငါးပိလုပ်ငန်းရှင်တွေ ကတော့ သူတို့ဆီမှာ လာစစ်ကြည့်ပါ၊ ဓာတ်မြေသြဇာ မသုံးပါဘူးလို့ ပြောတယ်။ သူတို့က လှောင်ကန်တွေနဲ့ ငါးပိသိပ်တာပါပေါ့။ သူက ဆန်နဲ့သိပ်တာပေါ့။ ဒါပေမဲ့ အခုသူတို့ဆီပါ ရောင်းအားတွေ ကျနေတယ်လို့ ပြောတယ်။ ဧရာဝတီတိုင်းထဲက အသေးစား လုပ်ငန်းရှင်တွေက ဒီငါးပိတွေ ထွက်တယ် ဆိုပေမယ့် အဲဒီအသေးစား လုပ်ငန်းတွေက အများကြီးဆိုတော့ ရန်ကုန် ဈေးကွက်ထဲမှာ ရောနေမှာပဲ။ အဲဒီတော့ ရန်ကုန်ဈေးကွက် ထဲမှာလည်း ရိုးရိုးသားသားလုပ်တဲ့၊ ဓာတ်မြေသြဇာမပါတဲ့ ငါးပိတွေ ရောနေတယ်လို့ သုံးသပ်တယ်။ ဘောလယ်တို့ဘက်က မဝင်လာဘူး။

Voice : ဒါဆို ဧရာဝတီတိုင်းဒေသကြီး ဘက်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ရှိသေးလား။

UBOK : မတွေ့သေးဘူး။ သူတို့တွေက အများကြီးပဲလေ။ သူတို့နဲ့တွေ့ဖို့ဆိုတာ မလွယ်ဘူး။ ရန်ကုန်မှာက လူနှစ်ဆယ်လောက်ပဲ ရှိတယ်။ အသေးစားလုပ်တဲ့ သူတွေများတော့ သူတို့ပစ္စည်းက အများကြီးပဲ။ တစ်ယောက်က ပိဿာငါးဆယ်၊ တစ်ရာ သိပ်တယ်ဆိုရင် နောက်တစ်ရွာ ရောက်ရင် ပိဿာတစ်သောင်း အထိ ဖြစ်သွားတာပေါ့။ ရန်ကုန်ကတော့ တစ်ရက်တည်းနဲ့ ပိဿာတစ်ထောင်၊ နှစ်ထောင်သိပ်တယ်။ လူနည်းပေမယ့် ပိဿာချိန် များတယ်။

(လဲ့ရည်မြင့်) - The Voice Weekly