Home » » ငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်လို့ပြော

ငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်လို့ပြော

Written By Unknown on Monday, September 16, 2013 | 1:40 AM

လက်နက်ကိုင်ပဋိပက္ခတွေရှိနေပြီး ပြည်တွင်းငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်တဲ့အတွက် အခုချိန်ဟာ ဒီမိုကရေစီလမ်းစဉ်ကို ပြတ်ပြတ်သားသားရွေးချယ်ရမဲ့ အချိန်ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်.

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းမှတ်အဖြစ် နေပြည်တော် ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

ဒါ့အပြင် ဒီမိုကရေစီခေတ်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေပြည့်ဖို့ ကြိုးစားရမှာဖြစ်ပြီး ပြည်သူ တွေရဲ့စိုးရိမ်သောကတွေကို တာဝန်ရှိပုဂ္ဂိုလ်တွေက ပြတ်ပြတ်သားသား ဖြေရှင်းရဲ ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာတဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကတော့ ဒီမိုကရေစီစနစ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့အတွက် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်ကို ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း ပြောပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အစိုးရအဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ၊လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေကတာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ရန်ကုန်မြို့ အလုံမြို့နယ်ခန်းမမှာလဲ ကျင်းပခဲ့ရာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြည်သူတွေရဲ့ အသံကို နိုင်ငံတော်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ နားထောင်ပြီး လိုက်နာဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နိုင်ငံခေါင်းဆောင်တွေထံ သဝဏ်လွှာပေးပို့ထားတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။

RFA Burmese