Home » » ရှေ့ကားကို ကျော်တက်သည့်ကားက ကျောင်းသားနှစ်ဦးကို ၀င်တိုက်မိ

ရှေ့ကားကို ကျော်တက်သည့်ကားက ကျောင်းသားနှစ်ဦးကို ၀င်တိုက်မိ

Written By Unknown on Wednesday, September 4, 2013 | 8:25 PM

ရှေ့ကားကို ကျော်တက်မောင်းနှင်လိုက်သည့် ခရီးသည်တင် ဒိုင်နာကားတစ်စီးက လူသွားစင်္ကြန်ပေါ်တွင် လမ်းလျှောက်နေသော ကျောင်းသားနှစ်ဦးကို ၀င်တိုက်မှုတစ်ခု မရမ်းကုန်းမြို့နယ်တွင် စက်တင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သမိုင်းဘူတာရုံလမ်းမှ သမိုင်းခုံးတံတားအနီး အတက်တွင် နံနက် ၆ နာရီအချိန်၌ ထိုယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒိုင်နာယာဉ်မောင်းမှာ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ကိုမင်းမင်းထွန်း ဆိုသူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။

ထိုကားသည် ၁၂၁ ယာဉ်လိုင်းမှ ခရီးသည်တင်ကားဖြစ်ပြီး ကားတိုက်ခံရသည့် ကလေးများမှာ န၀မတန်းကျောင်းသား များဖြစ်ကြပြီး နှစ်ဦးလုံး အသက် ၁၄ နှစ်အရွယ်သာရှိသေးကြောင်း ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကလေးနှစ်ဦးသည် ကားတိုက်ခံရမှုကြောင့် တံတောင်ဆစ်၊ နှုတ်ခမ်း၊ နားထင် နှင့် ပုခုံးတို့တွင် အသီးသီးဒဏ်ရာ ရရှိခဲ့ကြပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသခံနေရာ ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ကားပေါ်တွင်လိုက်ပါလာသော အသက် ၁၀ နှစ်အရွယ် သီလရှင်လေးတစ်ပါးလည်းပါးနှင့် ဒူးပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသထားသည်ဟုလည်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ယခုကိစ္စကြောင့် ယာဉ်မောင်း ကိုမင်းမင်းထွန်းကို ယာဉ်မဆင်မခြင်မောင်းနှင်သူအဖြစ် ယာဉ်ထိန်းရဲအုပ် င်းဌေးက စွပ်စွဲတိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းတွင် အမှုအမှတ်(ပ) ၃၃/၂၀၁၃ဖြင့် အမှုဖွင့်ထားကြောင်း၊ ၎င်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/၃၃၇/ ၃၃၈ တို့ဖြင့် တရားစွဲမည်ဖြစ်ကြောင်း တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese