Home » » အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ ၀န်ဆောင်နှုန်းထားသတ်မှတ်၍ ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်လာ

အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ ၀န်ဆောင်နှုန်းထားသတ်မှတ်၍ ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်လာ

Written By Unknown on Monday, September 23, 2013 | 1:37 PM

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ များလည်း ပိုမိုများပြားလာပြီးသည့်နောက် ဝန်ဆောင်ခများကိုလည်း အမျိုးမျိုးသတ်မှတ်ထားခဲ့သည်။ မြန်မာနိုင်ငံ အိမ်ခြံ မြေဝန်ဆောင်မှုအသင်းက လာမည့်လဆန်းမှစ၍ အိမ်ခြံမြေဝန်ဆောင်ခ နှုန်းထား များအား တစ်ပြေးညီသတ်မှတ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို တိကျသည့် နှုန်းထားသတ်မှတ် ပေးနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

“အိမ်ခြံမြေလုပ်ငန်းက အခုအချိန်မှာ အမြင့်တက်ဆုံးအချိန်ဖြစ်နေတဲ့အတွက် ဝန်ဆောင်ခတွေ သတ် မှတ်နှုန်းနဲ့အညီ လက်ခံဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင် နိုင်ပါလိမ့်မယ်။ကျွန်တော်တို့အသင်းအနေနဲ့ အသင်းဝင်အကျိုးဆောင်တွေကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါ တယ်’’ဟု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငွေကျပ်သိန်းတစ်ရာနှင့်အထက် အရောင်းအဝယ်ကိစ္စရပ်များကို အကျိုး ဆောင်ရာတွင် ရောင်း၍ရရှိ သည့် ဈေးနှုန်း၏နှစ်ရာခိုင်နှုန်းကို ရောင်းချသည့်ဘက်မှ ပေးချေရမည်ဖြစ်ကာ ကျပ်သိန်းတစ်ရာ အောက် အရောင်းအဝယ်များအတွက် အကျိုးဆောင်ခမှာ ရောင်းချသူမှ သုံးရာခိုင်နှုန်း ပေးချေရမည် ဖြစ်သည်။ အငှားဈေး ကွက်အတွင်း၌လည်း စပေါ်ငွေများ ဖြင့် ငှားရမ်းမည်ဆိုပါက ပေးဆောင် သည့် စပေါ်ငွေတန်ဖိုး၏ သုံးရာခိုင် နှုန်းကို အကျိုးဆောင်များကို ပေးချေ ကြရမည်ဖြစ်ပြီး လချုပ်၊ နှစ်ချုပ် ဖြင့် ငှားရမ်းပါက တစ်လတာ ငှားရမ်းခကို အကျိုးဆောင်ဝန်ဆောင်ခအဖြစ် သတ်မှတ်ထား ကြောင်း အဆိုပါအသင်းက သိရသည်။

အသင်းဝင်အကျိုးဆောင်လုပ်ငန်း ရှင်များကလည်း သတ်မှတ်ချက်အရ အကျိုးဆောင်ခများကို ကျေနပ် ကြပြီး အသင်းမဝင်ထားရသေးသည့် အကျိုးဆောင်ကုမ္ပဏီများ၊ လုပ်ငန်း ရှင်များကိုလည်း ယခုကဲ့ သို့ ပင် ဝန်ဆောင်ခ သတ်မှတ်စေလိုကြောင်း အသင်းဝင်တစ်ဦးက ပြောသည်။
အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ လုပ်ငန်းအပ်နှံ လုပ်ကိုင်လိုသူများ တိကျသည့် ပေါက်ဈေးများနှင့် လိမ်လည်မှုများ မဖြစ်ပွားစေရန် အိမ်ခြံမြေ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိသည်။

လက်ရှိ ရန်ကုန်မြို့၌ အိမ်ခြံမြေ ဈေးကွက်၌ အရောင်းအဝယ်ပုံမှန် ရှိနေပြီး မကြာမီရောက်ရှိ လာတော့မည့် ပွင့်လင်းရာသီအဝင်၌ ဈေးနှုန်းများ မြင့်တက်လာနိုင်သေးကြောင်း၊ ကွန်ဒိုတိုက်ခန်းများ ဈေးနှုန်းတက် ရိပ်ပြနေပြီဖြစ်၍ မြို့စွန်နှင့်ဒလမြို့ နယ်အတွင်းရှိ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၁၈၀၀ မြေကွက်များ အဝယ်မရှိသလောက်ဖြစ်နေပြီး ဈေးနှုန်း ပြန်လည်ကျဆင်းနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် ကိုဝဏ္ဏက ခန့်မှန်းပြောကြားသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း