Home » » ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင် စင်ကာပူတွင် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင် စင်ကာပူတွင် တွေ့ဆုံ

Written By Unknown on Tuesday, September 24, 2013 | 4:44 PM

ရန်ကုန်၊ စက်တင်ဘာ ၂၃

စင်ကာပူ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်းတို့မှာ ၂၀၁၃ ဖော်မြူလာဝမ်း စင်ကာပူဂရင်းပရီ ကားမောင်းပြိုင်ပွဲကို သွားရောက် ကြည့်ရှုစဉ် အမှတ်မထင် တွေ့ဆုံခြင်း ဖြစ်ကြောင်း သက်ဆင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောဆိုထားသည်။
“သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ကျန်းမာတက်ကြွနေတာ တွေ့ရပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်ဟောင်းက ၎င်း၏ Instagram စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ရေးသား ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှတ်မထင် တွေ့ဆုံဟု ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထားသော်လည်း စင်ကာပူအစိုးရ ဧည့်သည်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆင်က အလွယ်တကူ တွေ့ဆုံနိုင်ခြင်းမှာ အံ့သြဖွယ် ဖြစ်ကြောင်း နိုင်ငံရေး စောင့်ကြည့် လေ့လာသူများက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် သက်ဆင်နှင့် မြန်မာ့တပ်မတော် အစိုးရအကြား နီးကပ်သည့် ဆက်ဆံရေး ရှိခဲ့ပြီး ဇူလိုင်လအတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ထိုင်း ဒုတိယ ကာကွယ်ရေးဝန်ကြီးဟု ယူဆရသူတို့ လျှို့ဝှက်တွေ့ဆုံသည့် အသံဖိုင်တစ်ခု ပေါက်ကြားခဲ့ရာ ယင်းအသံဖိုင်တွင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပိုင်ထိန်းထားရန် ထည့်သွင်း ပြောဆိုခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်တို့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဘန်ကောက်မြို့ အစိုးရ အိမ်တော်တွင် တွေ့ဆုံခဲ့ပြီး ထားဝယ် စီမံကိန်းနှင့် နှစ်နိုင်ငံ နယ်စပ်အရေး အဓိက ဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပိုစ့်တွင် ဖော်ပြခဲ့သည်။

The Voice Weekly