Home » » ဒေါ်ဆွေဆွေဦး ရယူထားသော လယ်ယာမြေများနှင့် ပတ်သက်၍ တောင်သူများကို စစ်ဆေး

ဒေါ်ဆွေဆွေဦး ရယူထားသော လယ်ယာမြေများနှင့် ပတ်သက်၍ တောင်သူများကို စစ်ဆေး

Written By Unknown on Wednesday, September 11, 2013 | 3:14 PM

နေပြည်တော် ကောင်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ မကျည်းကုန်းကျေးရွာ နှင့် ပိတောက်ကုန်း ကျေးရွာမှ တောင်သူများ၏ လယ်ယာမြေများကို ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်ရဲ့ ဇနီး ဒေါ်ဆွေဆွေဦး၏ နာမည်နဲ့ သစ်တောဌာနက လုပ်ပိုင်ခွင့်ချထားပေးခဲ့ပါတယ်။

ထိုကိစ္စအတွက် တောင်သူများက တင်ပြတိုင်ကြားမှုများ အဆင့်ဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး နောက်ဆုံးမှာ ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် လယ်ယာမြေများအတွင်း ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ကြ ပါတယ်။

အဆိုပါကိစ္စအတွက် ၁၀.၉.၂၀၁၃ ရက်နေ့မှာ အမြန်လမ်း ၂၀၆မိုင် သစ်တောရုံးမှာ သစ်တောဦးစီးဌာနအရာရှိတွေက တောင်သူတွေကို ခေါ်ယူဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဆွေး နွေးရာမှာ တောင်သူတွေက မေးခွန်းထုတ်ခွင့်မရှိဘဲ သစ်တောဌာနအရာရှိတွေ မေးတာကိုသာ ဖြေပေးဖို့ ပြောဆိုတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

သစ်တောဦးစီးဌာနက အဓိကမေးသွားတဲ့ မေးခွန်းတွေကတော့ ဒီမြေတွေကို ဒေါ်ဆွေဆွေဦးကို လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုတာကို သိပါသလား။ ဒေါ်ဆွေဆွေဦး မတိုင်ခင် ဘယ်နှနှစ်လောက်ကတည်းက တောင်သူတွေလုပ်ကိုင်ခဲ့ကြတာလဲ။ တောင်သူတွေကို ဒေါ်ဆွေဆွေဦး ဘက်က မုန့်ဖိုးပေးတုန်းက ရကြလား ဆိုတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

တောင်သူတွေဘက်က ဒီလယ်ယာမြေတွေမှာ ဒေါ်ဆွေဆွေဦးမတိုင်မီ ၃၅ နှစ်လောက်ကတည်းက လုပ်ကိုင်စားသောက်နေကြတာလို့ ပြန်ဖြေပေးခဲ့ပြီး ဒေါ်ဆွေဆွေဦးမုန့်ဖိုးပေး တုန်းက ရတဲ့သူလည်း ရတယ်။ မရတဲ့သူတွေလည်း ရှိတယ်လို့ ပြန်လည်ဖြေဆိုခဲ့ကြောင်း သိရပါတယ်။

သစ်တော ဦးစီးဌာနအနေနဲ့ တောင်သူတွေက ဘယ်လိုဖြစ်ချင်တာလဲ။ ဘာတင်ပြစရာရှိလဲလို့ မေးလာတဲ့အတွက် တောင်သူတွေဘက်က ထွေထွေထူးထူးပြောစရာ မရှိဘူး။ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိသ၍ ဒီလယ်ယာမြေတွေမှာ လုပ်ကိုင်နေမှာပဲလို့ ပြန်လည် ပြောဆိုခဲ့ကြောင်း
သိရပါတယ်။

နောင်တော်လေး

by Myanmar News Now