Home » » အရပ် ၇ ပေကျော်သူ စင်ကာပူ၌ ခွဲစိတ်ကုသမှု အောင်မြင်

အရပ် ၇ ပေကျော်သူ စင်ကာပူ၌ ခွဲစိတ်ကုသမှု အောင်မြင်

Written By Unknown on Thursday, September 5, 2013 | 2:41 PM

ရန်ကုန်၊ စက်တင်ဘာ ၎

ကြီးထွားမှုနှုန်း မြန်ဆန်သော အခရိုမီဂလီရောဂါ ကို ခံစားနေရသည့် အရပ် ၇ ပေ ၁၀ လက်မရှိသူ ဦးဝင်းဇော်ဦးကို စင်ကာပူအထွေထွေရောဂါကု ဆေးရုံကြီး၌ ခုနစ်နာရီကျော်ကြာ ခွဲစိတ်ကုသခဲ့ရာ ရာနှုန်းပြည့် အောင်မြင်မှုရရှိခဲ့ကြောင်း အသည်းအထူးကု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက လမ်း ၃၀ ဆေးခန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဦးဝင်းဇော်ဦးကို စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ နှာခေါင်းက တစ်ဆင့် ခွဲစိတ် မှုပြုလုပ်ရာတွင် နှာခေါင်းအတွင်း၌ အလုံးတည်နေခြင်း၊ ယခင်က ကင်ဆာဟု မယူဆရသည့် ပီကျူတရီတွင် ကင်ဆာအကျိတ် ဖြစ်နေခြင်းနှင့် ပီကျူတရီ၏ အထက်ပိုင်း ဟိုင်ပိုသားလမတ်စ် (Hypothalamus) ရှိ အကျိတ်ကို ဖယ်ထုတ်ရခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကြောင့် ညနေ ၄ နာရီ ၁၅ မိနစ်၌ ရာနှုန်းပြည့် အောင်မြင်မှုရရှိခဲ့ကြောင်း၊ ခွဲစိတ်ကုန်ကျစရိတ် အနေနှင့် အမေရိကန် ဒေါ်လာ ငါးသောင်းနှစ်ထောင် ကုန်ကျကြောင်း ဒေါက်တာခင်မောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

"ဝင်းဇော်ဦးကို အရေးပေါ်အခန်း ထဲမှာ တစ်ရက်တည်းပဲ ထားလိုက်ရတယ်။ ဒီနေ့ ရိုးရိုးလူနာခန်းထဲ ရောက်သွားပြီ။ အခြေအနေက တော်တော်ကောင်းတယ်" ဟုဒေါက်တာခင်မောင်ဝင်းက ရှင်းပြသည်။

ဦးဝင်းဇော်ဦး၏ နှာခေါင်းရှိ အကျိတ်ကို ခွဲစိတ်ပြီး ဗိုက်တွင်ရှိသည့်အဆီနှင့် အကျိတ်ကို ပိတ်ဆို့ထားရသဖြင့် တစ်လအတွင်း အမြင့်သို့ပျံသန်းရသည့် ခရီးသွား လာခွင့်ကို စင်ကာပူအထွေထွေရောဂါကု ဆေးရုံရှိဆရာဝန်များက တားမြစ်ထားကြောင်း ၄င်းထံမှ သိရသည်။

အခရိုမီဂလီခေါ် ကြီးထွားမှုဟော်မုန်း အထွက်များသည့်ရောဂါကို ခံစားနေရသော ဦးဝင်းဇော်ဦးသည် စင်ကာပူအထွေထွေ ရောဂါကုဆေးရုံကြီးသို့ သြဂုတ်လ ၁၅ ရက်နေ့က ရောက်ရှိခဲ့ပြီး နှာခေါင်းမှ တစ်ဆင့် ဦးနှောက်သို့ ခွဲစိတ်မှုခံယူရန် သြဂုတ်လ ၂၃ ရက်နေ့က ဆုံးဖြတ်ခဲ့ပြီး တရားဝင်ခွဲစိတ်မှုကို ယခုလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

The Voice Weekly