Home » » ထိုင်း ငါးဖမ်းသင်္ဘောကို မြန်မာပစ်ခတ် ဖမ်းဆီးဟုဆို

ထိုင်း ငါးဖမ်းသင်္ဘောကို မြန်မာပစ်ခတ် ဖမ်းဆီးဟုဆို

Written By Unknown on Monday, September 23, 2013 | 5:09 PM

ရန်ကုန်၊ စက်တင်ဘာ ၂၂

ထိုင်းငါးဖမ်းလှေ တစ်စီးကို မြန်မာရေတပ်က စက်တင်ဘာ ၂၁ ရက်နေ့က ပစ်ခတ် ဖမ်းဆီးထားကြောင်း ထိုင်းရေတပ်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ထိုင်း-မြန်မာ နယ်စပ် အထွေထွေကော်မတီ၏ အရေးတကြီး အစည်းအဝေး ခေါ်ယူပြီးနောက် ထိုင်းရေတပ်က မြန်မာဘက်သို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း ယင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ပစ်ခတ်မှုကြောင့် ငါးဖမ်းသင်္ဘောပါ ရေလုပ်သား ၁၄ ဦး ပင်လယ်အတွင်းသို့ ခုန်ဆင်းခဲ့ရပြီး ငါးဖမ်းသင်္ဘောကို မြန်မာရေတပ်က ကော့သောင်း ဖက်ခြမ်းတွင် ထိန်းသိမ်းထားကြောင်း Thai News Agency နှင့် အခြားမီဒီယာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ယခုထိန်းသိမ်းခံထားရသော ငါးဖမ်းလှေမှာ ရနောင်း ငါးဖမ်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ထိုင်းနိုင်ငံသား ဆူရင် ပိုင်ဆိုင်ပြီး လှေပြန်ပေးရန် မြန်မာ အာဏာပိုင်များကို ထိုင်းအာဏာပိုင်များနှင့် လှေပိုင်ရှင် တို့က တောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး အရင်းနှီးဆုံး အနေအထား ရောက်နေကြောင်း ပြောဆိုပြီး ရက်ပိုင်းအကြာ ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ နယ်ခြားမျဉ်းများ ထပ်နေသည့် အချိန်များတွင် ထိုကဲ့သို့ နားလည်မှု လွဲခြင်းမှာ ဖြစ်လေ့ ဖြစ်ထရှိပြီး ယင်းကြောင့် ဆက်ဆံရေး တင်းမာရန် အလှမ်းကွာကြောင်း ထိုင်းရေတပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာဘက်မှ တာဝန်ရှိသူများကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ထိုင်းငါးဖမ်းလှေများ ငါးခိုးဖမ်းသည်ဟုဆိုကာ ယင်းနယ်ခြားရှိ မြန်မာရေတပ် အပါအဝင် နှစ်နိုင်ငံ လက်နက်ကိုင် အဖွဲ့အစည်းများက ထိုသို့ ပစ်ခတ်လေ့ ရှိသော်လည်း တစ်ခါတစ်ရံ ထိုင်းအမည်ခံ လှေများ မှာ မြန်မာပိုင်လှေများ ဖြစ်နေတတ်ကြောင်း ကော့သောင်းခရိုင် ကမ်းနီးငါးဖမ်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောကြားသည်။

The Voice Weekly