Home » » ရွှေရောင်လွှမ်းသည့် အပြန်လမ်း

ရွှေရောင်လွှမ်းသည့် အပြန်လမ်း

Written By Unknown on Friday, September 6, 2013 | 3:40 PM

မြစ်ကမ်းနံဘေး မြက်ခင်းပြင်က ကြယ်စင် အိမ်ရာ စီမံကိန်း ခေါ် (Star City) အရောင်း ပြခန်း ကို ရောက်ဖို့ ခပ်စုတ်စုတ် ရန်ကုန် ဇနပုဒ်ကို ဖြတ်ပြီး ၁ နာရီ ကျော်ကျော်လောက် သွားရပါသည်။ မုတ်သုံ မိုးတွင်းမှာ ခလုတ် ကန်သင်းတွေကို ကျော်နင်းပြီးမှ ရောက်သွားရသည့် ပြယုဂ် ကောင်းကောင်း အိမ်ရာ အရောင်း ပြ ခန်းသည် အမော ကိုလည်း ပြေစေပြီး နားလည် ရလည်း ခက်စေပါ သည်။ အရောင်း သမား တစ်ယောက်က ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ကွန်ဒိုမီနီယံ ဒီဇိုင်းတွေနှင့် အိမ်ခန်း ပုံစံတွေကို ပြသောကြောင့် ဘယ်လို လူမျိုးတွေများ ဒီလို ခပ်ခေါင်ခေါင် အရပ်မှာ လာနေကြ ပါလိမ့်မလဲဟု ကျွန်တော် သိချင်လာ သည်။

မိုးတိတ် သွားသည့် အခါမှာ အပြင်ကို ထွက်ပြီး မြစ် အထက်ဘက်ကို ကြည့်လိုက်စဉ် ရွှေတိဂုံ စေတီတော်ကြီး ကို အတိုင်းသား ဖူးမြင်ရပါသည်။ ဒီအခါ မှာပဲ စတားစီးတီး အိမ်ရာ စီမံကိန်းက အိမ်ခန်းတွေကို ဝင်ငွေ အလတ်တန်း မိသားစုဝင်တွေ အတွက် ဒေသခံတွေက ပေါပေါ မြန်မြန် ဝယ်ယူနေရသည့် အကြောင်းရင်းကို သဘောပေါက် လိုက်မိသည်။ ဧက ၄ဝဝ ရှိသည့် သည် အိမ်ရာသည် ရန်ကုန်မြို့ထဲသို့ ဖယ်ရီလိုင်းနှင့် ဆက်သွယ် ထားမည်ဖြစ်ပြီး မြစ်အောက်ဘက် က ဂျပန် အကူအညီ ဆိပ်ကမ်းနှင့် လည်း လမ်းဖောက် ထားမည် ဖြစ်သည်။ လူနှစ် သောင်း ငါးထောင် လောက်နေရန် စီစဉ် ထား သည့်သည် လူ့အသိုက်အမြုံသည် လူဦးရေ ငါးသန်းကျော် ရှိသည့် ရန်ကုန် နှင့် အသွားအပြန် လုပ်ရန် ကိုယ်ပိုင်ယာဉ် လိုင်း ထူထောင် ထားဦးမည် ဖြစ်သည်။ ငြိမ်းချမ်း ကြွယ်ဝမှု၏ အလားအလာပင်။

စတားစီးတီး၏ နောက်ကွယ်တွင် ၁၉၉ဝ ခုနှစ်များက မြန်မာပြည် သို့ ဆောက်လုပ်ရေးနှင့် ဘဏ် လုပ်ငန်း အင်ပါယာ ထူထောင်ဖို့ကို ပြန်ရောက်လာ သည့် ပြည်ပြေးဟောင်း မစ္စတာ ဆာ့ဂ်ျပန်း ဖြစ်ပါသည်။ ထို့နောက် ဆယ်စုနှစ် တစ်ခုလောက် အကြာမှာ သူ့ ဘဏ်လုပ်ငန်း  ပြိုကျလု နီးပါး ဖြစ်ခဲ့ရသေးသည်။ စစ် အာဏာရှင် စနစ် အောက်မှာတုန်းက သည် စတား အိမ်ရာ စီမံကိန်းသည် အနာ ဂတ်အကျိုး အတွက် အိပ် ထားရသည့် မိုးနှောင်း ခံမြေ ဖြစ်ပါသည်။

ခရိုနီ အရင်းရှင် စနစ်ကို ပြောင်းလဲ နေသည့် အပိတ် စီးပွားရေး စနစ်မှာတရုတ် နွယ်ဖွား မစ္စတာ ‘ဆာ့ဂ်ျပန်း’ သည် တစ်ချိန်တည်း မှာ အတွင်း လူတစ်ယောက် လည်းဖြစ် သလို စူးစမ်းချင်စိတ် အပြည့် နှင့် အပြင်လူ တစ်ယောက်လည်း ဖြစ်သည်။ သူသည် လူမုန်းများမှာ မကြောက်သလို ခြစားမှုတွေကို အားပေးအား မြှောက် မလုပ်သည့် စည်းကမ်းမူ ဘောင်ရှိ စီးပွားရေးသမား တစ်ယောက်၏ စတိုင် ကို ဖမ်းယူထားသူ ပင်ဖြစ်သည်။ မြို့ပတ် လည် ဇနပုဒ်တွင် ယခုလို မြို့ဝင်တံခါး တပ် အိမ်ရာ စီမံကိန်းတွေ ကို စွဲစွဲမက် မက်ဆောက်နေ ရသည့် အကြောင်း အရင်း ကိုက သူ၏ အတွင်းလူ အပြင်လူ သဘာဝ နှစ်ခုစလုံး  ပါသည့် ဒွိသဘောကို ပြနေသည်။ သူ၏ နောက်ထပ် စီမံ ကိန်းကြီး တစ်ခု ကတော့ စတားစီးတီး အိမ်ရာ စီမံကိန်းနဲ့ အပြိုင် ဆယ်စုနှစ် နှစ်ခုလောက် ချောင်ထိုး ထားပြီး သန်းတစ်ရာလောက် တန်ဖိုး ရှိသည့် ၉ ဒသမ ၆ ဧက အကျယ် စွယ်စုံသုံး မြို့လယ်ခေါင် စီမံကိန်းတစ်ခု ပင် ဖြစ်သည်။

သူ့ရည်မှန်းချက် တွေက သည် ဆောက်လုပ်ရေး လုပ်ငန်းတွင်ပင် အတော မသတ်ခဲ့ပေ။ ပင်မ လုပ်ငန်းကြီး တစ်ခုဖြစ်သည့် (FMI) သည် စိုက်ပျိုး ရေး လုပ်ငန်း ၊ မော်တော်ယာဉ် ဖြန့်ချိရေး လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ပြည်တွင်း လေကြောင်း လုပ်ငန်းနှင့် လက်လီဆိုင် လုပ်ငန်း များကိုလည်း လုပ်ပါသေးသည်။ လုပ်ငန်း အသစ်၊ စီးပွားရေး စွန့်စားမှု အသစ် မလုပ် ဖြစ်သည့် ‘လ’ ဟူ၍ မရှိ သလောက်ဖြစ်သည်။ မြန်မာပြည်မှာ စီးပွားဘက် ရှာဖို့ ဆိုရင် အနောက်နိုင်ငံ နှင့် အာရှ လုပ်ငန်းရှင်များ အ တွက်  နိုင်ငံ ခြား အတွေ့အကြုံ ရှိပြီး ဥပဓိ ရုပ်ကောင်း သည့် ပန်းသည် မဖြစ်မနေ တွေ့ရမည့် လူတစ်ယောက် ဖြစ်သည်။ ကမ္ဘာနှစ်ခု ကြားက တံခါး တစ်ခု ဖြစ်သည်။

ဟောင်ကောင်တွင် သူ၏ ပထမဆုံး ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ စင်ကာပူတွင် သူ၏ ရိုးမဗျူဟာ ဦးပိုင် ခေါ် Yoma Strategic Holdings ကို မှတ် ပုံတင်ထား၏။ ယင်းနှစ်မြို့ စလုံးတွင် အမြဲ နေထိုင်ခွင့် ရထားသူလည်း ဖြစ်သည်။ နိုင်ငံတကာ ကုမ္ပဏီ များက သူ့အား နိုင်ငံခြားသား ဟု မှတ်ယူကြပြီး မြန်မာ အစိုးရက မူ သူ့အား မြန်မာ ကုမ္ပဏီဟု ထင်မှတ်ကြောင်း ကျွန်တော့် ကို သူက ပြောသည်။

ကြယ်စင် အိမ်ရာ စီမံကိန်းသို့ ကျွန် တော်သွားစဉ်က သူ့အား မတွေ့ရှိခဲ့ရဘဲ ပေကျင်းမြို့ ဟိုတယ် တစ်ခုတွင် သာ တွေ့ဆုံခဲ့ ရသည်။ ငွေရောင် ဆံပင်ထူထူ၊ အစင်း အကြောင်း မဲ့ နဖူးပြင်နှင့် ဘောင် ပျောက် မျက်မှန်ကိုင်း တပ်ကာ၊ အရင်းအချာ ဦးလေး တစ်ဦးလို နှစ်လိုဖွယ် စကား ပြောဆိုတတ်သည့် အသက် ၆ဝ အရွယ် လူကြီး တစ်ဦး ဖြစ်သည်။ ဇွဲကြီးကာ လိမ္မာ ပါးနပ်သည့် အရောင်းအဝယ် သမား တစ်ဦးအဖြစ် ဂုဏ်သတင်း ကြီးသော်လည်း စားသောက်ပွဲ ကျသင့်ငွေရှင်းသည့် အခါ တရုတ် အမျိုးသမီး စားပွဲထိုးကို ၃၄ ဒေါ်လာ  ပိုတောင်းသည်ဟု ဆိုကာ ဆူပူလေတော့သည်။ ယင်းမှာ ကျွန်တော့် အား သူ၏ စေ့စပ်သေချာမှုကို ပြသခြင်း လား သို့မဟုတ် အမှန် တကယ်ပင် ဆူပူ ကြိမ်း မောင်းခြင်းလား ဆိုသည်ကိုမူ ကျွန်တော် မကျိန်းသေပေ။ သူ၏ သြရသ သားကြီး FMI အရာရှိချုပ် မယ်လဗင်ပန်းက သူ၏ ဖခင်မှာ ဖော်ရွေပြီး အလုပ် စွဲနေသူ တစ်ဦးဖြစ်ကာ ပုဂ္ဂလိက ဘဝနှင့် လုပ်ငန်းခွင် ဘဝမှာ တစ်ထပ်တည်း ဖြစ် နေသူ ဖြစ်ကြောင်း ပြောပြသည်။

သူ၏ မြန်မာ အမည်မှာ ဦးသိမ်း ဝေဖြစ်ပြီး သူ့အား Burma’s Mr. Clean ဟုခေါ်ဆိုမှုကို လွန်စွာ ဂုဏ်ယူ တတ်သူဖြစ်သည်။ အလို ရမ္မက်ကြီးသည့် ဗိုလ်ချုပ်ကြီးများကို ”No” ဟု ငြင်းဆို ရဲသူဖြစ်သည်။ သို့သော် နိုင်ငံခြားသား အကြံပေး တစ်ဦး ကမူ အုပ်ချုပ်ရေး ပိုင်းမှာ အဆက် အသွယ် မရှိဘဲ ဒီနေ့ ဆာ့ဂ်ျပန်း ရောက်နေတဲ့ နေရာမျိုး သင် မရောက်နိုင်ပါဟု ပြောခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူ အများဆုံး ဖြစ်သည့် ၁၉၉ဝ ကာလများတွင် ဘဏ် လုပ်ငန်းလိုင်စင်နှင့် အလွန် ကျယ် ပြန့်လှ သည့် မြေယာ ပိုင်ဆိုင်ခွင့် ကို ပန်း ကရရှိခဲ့သည်။ အစိုးရ အတွင်းမှ လက် တွေ့ အလုပ်လုပ် သူများနှင့်သာ လုပ် ကိုင်ခဲ့ပြီး သူရရှိခဲ့သည့် လုပ်ပိုင်ခွင့် နှင့် မြေယာ များမှာ လုပ်ရည် ကိုင်ရည် ကြောင့် ရထားခြင်း သာဖြစ်ပြီး မျက်နှာ သာပေးခံ ရမှုကြောင့် မဟုတ်ကြောင်း ပန်းက အခိုင်အမာ ပြောဆိုခဲ့၏။

ဆိုရှယ်လစ် ထိန်းချုပ်မှုများကို စတင် လျှော့ပေးနေသည့် ၁၉၈၉ ခုနှစ် တွင် နိုင်ငံခြား၌ ၂၄ နှစ်နေပြီး ပထမဆုံး အကြိမ် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ အခွင့် အရေး များကို စနည်းနာ ရင်း စစ်တပ်အရာရှိ တစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် ထိုအချိန်က ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ် ကို တွေ့ဆုံခွင့် ရခဲ့သည်။ ထို့နောက် အစိုးရပိုင် ဟိုတယ် တစ်ခုကို လုပ်ကိုင်ခွင့် ရရန် ကြိုးစား ခဲ့သော်လည်း ဝန်ကြီး အသစ်က သူ၏ ပြိုင်ဘက် တစ်ဦး အား လုပ်ပိုင်ခွင့် ပေးခဲ့၍ ယင်းဟို တယ် ရှေ့မှ နောင်နှစ် အနည်းငယ်ကြာသည့် တိုင်အောင်ပင် ကား ဖြတ်မမောင်းနိုင် လောက်အောင် စိတ်နာခဲ့ ရသည်ဟု ‘ပန်း’ က ပြောခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရန်ကုန် အနောက် ဘက်ကမ်း စက်မှုဇုန် အနီး ဧက ၅ဝဝ အကျယ်ဝင်း တံခါးတပ် FMI မြို့တော် ကို တည်ထောင်နိုင်ခဲ့ကာ မြေပိုင်ဆိုင် ခွင့် ကို ရောင်းချ ခဲ့ပြီး စီမံခန့်ခွဲ အခငွေ ကြေးကောက်ယူခဲ့သည်။ ထို့နောက် သူ၏ အကောင်းမြင် ဝါဒကို မိသားစုဝင် တွေအကြား ဝေမျှခဲ့ကာ (ဖခင်ကြီးကွယ် လွန်ပြီး) မိခင်ကြီးနှင့် သူ ၏ မွေးချင်းများ ကို ဆယ်စုနှစ် များစွာ ကွဲကွာပြီးနောက် မြန်မာပြည် တွင် ပြန်လည် စုစည်းခဲ့သည်။

ပန်းသည် ချမ်းသာကြွယ်ဝမှု ဆီသို့ ခလုတ် ကန်သင်းများနှင့် စခဲ့ရသူ ဖြစ် သည်။ ၁၉၆၂ မျက်ကန်းမျိုးချစ် ဗိုလ်ချုပ် နေဝင်း အာဏာ မသိမ်းခင် အချိန်ထိ ပန်း၏ ငယ်ဘဝ သည် တရုတ်နွယ်ဖွား ဘဏ် လုပ်ငန်းရှင် တစ်ဦး၏ သားဖြစ်သည့် အားလျော်စွာ သက်သောင့်သက်သာ ရှိခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် တရုတ် ဆက်သွယ်ရေး ဘဏ်တွင် အလုပ် လုပ်သည့် လက်ဝဲ ဝါဒီ ဖခင်ဖြစ်သူက မိသားစု တစ်ခုလုံးအား ပေကျင်းသို့ ပြောင်းရွှေ့ အခြေချခဲ့သည်။ ပန်းနှင့် သူ၏ အစ်ကို တို့သည် ဝှာချောင်ခေါ် နိုင်ငံ ရပ် ခြားမွေး တရုတ်များ အတွက် ဖွင့်လှစ် သည့် ကျောင်းကို တက်ခဲ့ရသည်။

တရုတ်ပြည် ရောက်ပြီး ၉ လခန့် အကြာတွင် ယဉ်ကျေးမှု တော်လှန်ရေး စတင်ဖြစ်ပွားခဲ့သည်။ တင်းကျပ်သည့် ကျောင်း စည်းကမ်းများမှ လွတ်မြောက် ပြီး ”ပန်း” လည်း တပ်နီ လူငယ် ဖြစ်ခဲ့ လေ၏။ တော်လှန်သော တပ်နီလူငယ် တို့၏ အလေ့အထ အတိုင်း စာလုံးကြီး များနှင့် ပိုစတာများ ကိုရေးဆွဲ၊ စက်ဘီး ဖြင့် တစ်နိုင်ငံလုံး ကို ခြေဆန့်ခဲ့သည်။ နောင်လေးနှစ် အကြာတွင် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ အစောင့် အရှောက်ခံ လယ်သမား များနှင့်အတူ နေရန် နယ်စပ် ဒေသသို့ ‘ပန်း’ သည် အပို့ခံ ခဲ့ရဖူးသည်။

၁၉၇၃ ခုနှစ်တွင် တရုတ် နယ်ခြား ထိန်းချုပ်မှုများ ဖြေလျှော့ခဲ့ သည့် အတွက် မိသားစု နောက်လိုက်ရန် ဗြိတိသျှ အအုပ်ချုပ်ခံ ဟောင်ကောင်သို့ ဟောင်ကောင် ၅ ဒေါ်လာ အိတ် ထဲ ထည့်ပြီး ကူးလာခဲ့သည်။ ”တစ်နေရာက တစ်နေရာကို မိုင်နဲ့ ချီလမ်းလျှောက်ရ ပြီး အင်မတန် ဝေးလံသီ ခေါင်တဲ့ အရပ် ကနေ ဟောင်ကောင် ကို ရောက်လာတဲ့ ကျွန်တော်ဟာ ရထားပေါ်ကို တက် လိုက်ရုံနဲ့ အခြားကမ္ဘာ တစ်ခုကို ရောက် သွားသလိုပါပဲ”ဟု ပန်းက ပြန်ပြောပြခဲ့ သည်။

 လေဆိုးထုတ် ပန်ကာ အရောင်း သမားဘဝ မရောက်မီ ခဏတာမျှ ဆိပ်ကမ်း အလုပ်သမား ဘဝတွင် ပန်းလုပ်ခဲ့ရ သေးသည်။ တစ်နေ့တွင် လေဆိုးထုတ် စက် အိမ်ပေါက်စေ့ လိုက်ရောင်းရင်း အိမ်၊ ခြံ၊မြေ အကျိုးဆောင် ဂျာမန် လူမျိုး အယ်မာဘုရှ်ခ်ျနှင့် တွေ့လေ၏။  ဘုရှ်ခ်ျ က ပန်း၏ ခပ်ထောက်ထောက် အင်္ဂလိပ် စ ကားနှင့် မောင်းနှင်အား ကို သတိထား မိခဲ့ပြီး နောက် စနေနေ့ တွင် သူ့ထံ ထပ် လာရောက်ရန် မှာကြားသည်။ ထိုနေ့ တွင်ပင် ဘုရှ်ခ်ျက ပန်းကို အလုပ်ပေး ခဲ့ပြီး ပန်းက လည်း သူ့ လေဆိုးထုတ် စက်ဝယ်မှသာ အလုပ်ကို လက်ခံမည်ဟု ပြောသောကြောင့် ၄င်း လေဆိုးထုတ် စက်သည် ပန်း ဘဝတွင် နောက်ဆုံး ရောင်းခဲ့ ရသည့် စက်ပင် ဖြစ်သည်။ သူ့ ဆရာထံမှ စီးပွားရေး လုပ်ငန်း အကြောင်း ကို အိတ်သွန်ဖာမှောက် လေ့လာခဲ့ ရပြီး ဥရောပနှင့် ကနေဒါနိုင်ငံ များသို့ပင် ပန်း ရောက်ခဲ့ ရသေးသည်။ ယခုအခါတွင် တိုရန်တို တွင်နေသော ဆရာဖြစ်သူ ဘုရှ်ခ်ျ ကို Yoma Strategic ၏ အိမ်ရာ လုပ်ငန်းကို စီမံ ခန့်ခွဲရန် ”ပန်း” က ပြန် ငှားထားသည်။

မြန်မာပြည်မှ ဗိုလ်ချုပ်များ ထဲတွင် ပန်းနှင့် အလွမ်းသင့်ခဲ့သူ တစ်ဦးမှာ ဝန်ကြီးချုပ် တာဝန်ကို ခေတ္တယူခဲ့ဖူးသူ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့် ဖြစ်ခဲ့ သည်။ (ဗိုလ်ချုပ်ဟောင်း) ဦးခင်ညွန့်ကို အကြောင်းသင့် အကျိုးသင့် ပြောဆိုနိုင်ပြီး ပွင့်လင်း စိတ်ထား ရှိသူဟု ပန်းက ပြောဆိုခဲ့သည်။ ၂ဝဝဝ ခုနှစ် ပန်းလှိုင် ဂေါက်ကွင်း ဖွင့်စဉ်က ဧည့် မှတ်တမ်းတွင် ဗိုလ်ချုပ် ခင်ညွန့်ကိုယ် တိုင် ”တိုင်းပြည် အတွက် စွန့်စားခဲ့သူ (မစ္စတာ ဆာ့ဂ်ျပန်း) သင့်အား ကျေးဇူး တင်ပါသည်”ဟု ရေးပေးခဲ့ကြောင်း ပန်း ထံ မှ သိရသည်။

နောင်လေးနှစ်ခန့် အကြာတွင် ဗိုလ်ချုပ် ခင်ညွန့်နှင့် ထောက်လှမ်းရေး အုပ်စု အရေးယူ ခံခဲ့ရသည်။ မရှေးမ နှောင်း ဆိုသလို ပန်း အင်ပါယာ လည်း ဒုက္ခ ရောက်ခဲ့လေ သည်။ ၂ဝဝ၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရားမဝင် ချေးငွေ များ ထုတ်ပေးသည် ဆိုသည့် ကောလာ ဟလများကြောင့် ငွေအပ်နှံ သူများက ပုဂ္ဂလိက ဘဏ် များအပေါ် ယုံကြည်မှု ကင်းမဲ့ကာ ငွေပြန် ထုတ်ယူ ကြသဖြင့် ပြို ကျလုနီး ရိုးမဘဏ်ကို ”ပန်း” က ကယ် တင်ရန် ကြိုးစားရ၏။

ထို့နောက် ယင်း အကျပ်အတည်း ကိုတာဝန်ယူ ဖြေရှင်းသည့် စစ်ဗိုလ်ချုပ် တစ်ဦးနှင့် ဓမ္မာသောက ဖြစ်ခဲ့ရသည်။ ယင်းတာဝန် ရှိသူက ဗဟိုဘဏ်မှ ငွေ ထောက်ပံ့မှု များ ကို ရပ်ဆိုင်းစေခဲ့ပြီး ဘဏ် လုပ်ငန်းရှင် များအား ချေးငွေများကို ချက်ချင်း ပြန်ဆပ်ရန် အမိန့်ပေးခဲ့ကြောင်း ”ပန်း”က ပြောဆိုခဲ့သည်။ ထိုအချိန်မှ စ၍ ခရိုနီစီးပွားရေး လုပ်ငန်း များ စတင် ခဲ့လေသည်။

အကြီးဆုံး ပုဂ္ဂလိက ဘဏ် ၂ ခု ပိတ်ခဲ့ရပြီး ”ပန်း”၏ ဘဏ် လုပ်ပိုင်ခွင့် လိုင်စင် ကိုလည်း ချေးငှားခွင့် တားမြစ် ထားခဲ့သည်။ လုပ်ပိုင်ခွင့် အပြည့်အဝ ရရန် ပြီးခဲ့သည့် စက်တင်ဘာလ အထိ စောင့်ဆိုင်းခဲ့ရသည်။ ၂ဝ၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ တက်လာသည့်အချိန် တွင် လုပ်ပိုင်ခွင့် ပြန်ရရန် မျှော်လင့်ခဲ့ပြီး သမ္မတက သူ၏ နစ်နာမှု များကို အသိ အမှတ် ပြုခဲ့သော်လည်း ထိုစဉ်က ဒု-သမ္မတ ၏ ရုံးခန်းတွင် ပန်း၏ ပြန်လည် လုပ်ပိုင် ခွင့်သည် သောင်တင် နေခဲ့ရသည်။

ဒုသမ္မတ အပြောင်းအလဲကို နောက်ထပ် တစ်နှစ်မျှ စောင့်ဆိုင်းခဲ့ ရပြီး နောက် ရိုးမသည် လုပ်ပိုင်ခွင့် ပြန်ရခဲ့ လေသည်။ သူသည် စစ် အာဏာရှင် ခေတ်ကာလ တစ်လျှောက်လုံး တိုင်းပြည် ဘဏ္ဍာငွေကို အလွဲသုံးစား ပြုခဲ့ သူတို့ အား အောက်ကျို့ ခယမှု မလုပ်ခဲ့သူဟု ပန်းက ပြောဆိုခဲ့သည်။ ထို့ကြောင့်ပင် သူသည် ပီတိဖြစ်နေ ပုံရ၏။ လူအများ က သူ့ကို ”ကျဆုံး” သွားမည်ဟု ထင်ခဲ့ကြောင်း သူ၏ သားကြီး မယ်လဗင်ပန်း က ပြောခဲ့သည်။ ”ပန်း” အတွက် ယင်း အခိုက်အတန့် ကား ”တရား နတ်စောင့် ချိန်” ပင်။

မှတ်ချက် – စက်တင်ဘာ ၂ ရက်နေ့ ထုတ် Forbes မဂ္ဂဇင်းမှ ‘Golden Return: Serge Pun Constructs A Real-Estate Empire In Myanmar’ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါ သည်။

လက်ျာထွန်း

Popular Myanmar News Journal