Home » » ကော့သောင်းထောင်မှ အကျဉ်းသားသယ် သင်္ဘောနှင့် မိသားစုများ အဆက်အသွယ်ပြတ်ဟုဆို

ကော့သောင်းထောင်မှ အကျဉ်းသားသယ် သင်္ဘောနှင့် မိသားစုများ အဆက်အသွယ်ပြတ်ဟုဆို

Written By Unknown on Monday, September 23, 2013 | 3:27 PM

ရန်ကုန်၊ စက်တင်ဘာ ၂၂

ဆူပူမှု ဖြစ်ပွားခဲ့သော ကော့သောင်း အကျဉ်းထောင်၌ စက်တင်ဘာလ ၁၈ ရက်နေ့ည ၈ နာရီက ပြောင်းရွှေ့ခံခဲ့ရသော အကျဉ်းသား ၁၂၀ ကို တင်ဆောင်သွားသည့် သင်္ဘောသည် မည်သည့်နေရာ ရောက်ရှိနေသည် ဆိုသည်ကို ယခုအချိန်အထိ မသိရှိ ရကြောင်း ကော့သောင်းမြို့တွင် နေထိုင်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ စည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။

အဆိုပါ အကျဉ်းသားများကို မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားသည်ဟု စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောဆိုသော်လည်း ယင်းသင်္ဘောမှာ လေးရက်ကြာသည်အထိ မော်လမြိုင်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း မော်လမြိုင် မြို့ခံများထံမှ စုံစမ်းသိရှိရသည်ဟု ဦးသန်းထွန်းက ဆိုသည်။

ပင်လယ်ပြင်အတွင်း လှိုင်းလေ ပြင်းထန်ခြင်း မရှိသည့် ပုံမှန်အချိန်များတွင် ကော့သောင်းမြို့မှ မော်လမြိုင်မြို့သို့ သင်္ဘောဖြင့် ခရီးသွားမည်ဆိုပါက နှစ်ရက်ခန့်သာ ကြာမြင့်ကြောင်း၊ မြိတ်နှင့် ထားဝယ်သို့ သွားပါက တစ်ညအိပ်သာ ကြာမြင့်ကြောင်း ၎င်းကဆိုသည်။
“ပင်လယ်မှာ မိုးသက်မုန်တိုင်း ဖြစ်ရင်တောင်မှ သုံးညအိပ်ဆို ရောက်ပါတယ်။ အခုဟာက ပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာ ကျောက်ချနေတာပဲ ဖြစ်မှာပါ။ စားနပ်ရိက္ခာ လုံလုံလောက်လောက် ပါသွားတယ်လို့တော့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောတယ်” ဟု ဦးသန်းထွန်းက ပြောကြားသည်။

အကျဉ်းထောင် ပြောင်းရွှေ့သည့် အစီအစဉ်သည် ဒေသဆိုင်ရာ အစိုးရနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာန၏ အစီအစဉ်သာ ဖြစ်ကြောင်း၊ ယင်းအကျဉ်းသား များကို မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မော်လမြိုင်ဘက်ကို စုံစမ်းကြည့်လို့ ရသမျှတော့ အဲဒီကို မရောက်သေးဘူးလို့ သိရတယ်။ အကျဉ်းသား မိသားစုဝင်တွေလည်း စိတ်ပူနေကြတယ်။ ဘယ်ကိုရောက်လို့ ဘာတွေဖြစ်နေသလဲ ဆိုတာ သေချာမသိဘူး ဖြစ်နေတယ်” ဟု ကော့သောင်း မြို့ခံတစ်ဦးဖြစ်သူ ဦးစိုးလွင်က ဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကျဉ်းထောင်တွင်း ဆူပူဆန္ဒပြမှုများကြောင့် လုံခြုံရေးဝန်ထမ်းများက ပစ်ခတ်နှိမ်နင်းခဲ့ရာ လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လူခုနစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့တွင် တစ်ဦးမှာ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီးသည့်နောက် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် အကျဉ်းသား ၁၂၀ ကို ကော့သောင်းမြို့ရှိ တော်ဝင် သင်္ဘောဆိပ်မှတစ်ဆင့် ‘ပြည့်ဖြိုးထွန်း ၁၅’ သင်္ဘောဖြင့် တင်ဆောင်၍ ရွှေ့ပြောင်းခဲ့ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

အစိုးရအာဘော် နိုင်ငံပိုင် သတင်းစာများတွင် အကျဉ်းထောင် တာဝန်ရှိသူများကို ကိုးကား၍ ထောင်သားအချို့ ထောင်ဖောက်ပြေးရန် ကြံစည်ရာမှ ဆူပူမှု ဖြစ်ပွားခြင်းကြောင့် ထောင်လုံခြုံရေးများက ထိန်းသိမ်းသည့်သဘော ရေးသား ဖော်ပြခဲ့သော်လည်း ပုဂ္ဂလိက သတင်းစာ အချို့တွင်မူ ထောင်ဝန်ထမ်းများ၏ ဖိနှိပ်မှုကို မခံနိုင်သောကြောင့် ဆန္ဒပြဆူပူခြင်း ဖြစ်ကြောင်း ဒေသခံများကို ကိုးကားရေးသားခဲ့သည်။

ထို့အပြင် ထောင်သားများကို ရွှေ့ပြောင်းရာတွင်လည်း လူ့ဂုဏ်သိက္ခာနှင့် မလျော်မကန် ရွှေ့ပြောင်းခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ် လုပ်၍မရခြင်းမှာ အခြေခံ လူ့အခွင့်အရေးကို ထိပါးသည့် သဘောဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက မှတ်ချက်ပြုသည်။

(အောင်မျိုးထက်)

The Voice Weekly