Home » » ၅ ဦးစာအခန်းတွင် လူ ၃၀ မျှ နေထိုင်ရသည့် အကျဉ်းသားများ

၅ ဦးစာအခန်းတွင် လူ ၃၀ မျှ နေထိုင်ရသည့် အကျဉ်းသားများ

Written By Unknown on Tuesday, September 3, 2013 | 3:11 PM

လူပေါင်း(၃၀)မျှကို ကွန်တိန်နာ အသေးစားလေး တစ်လုံးစာမျှ အခန်းထဲတွင် ပြွတ်သိပ်စုပြုံထည့်ကာ ချုပ်နှောင်ထားခြင်းသည် လူမဆန်သော ဖိနှိပ်မှု တစ်ခုအနေဖြင့် ပြစ်တင်စရာ ဖြစ်နေသော်လည်း အယ်လ်ဆာဗေးဒိုး အကျဉ်းဦးစီး အာဏာပိုင်များအတွက် ယင်းအခြေအနေကို ပြောင်းလဲရန် အဖြေမရှာနိုင်သေးဘဲ ရှိနေဆဲ ဖြစ်သည်။ နိုင်ငံအတွင်း ဆိုးရွားသောင်းကျန်းလွန်းလှသည့် MS-13နှင့် MS-18 လူရမ်းကား ဂိုဏ်းနှစ်ခုမှ အဖွဲ့ဝင်များကို အချင်းချင်း ရောနှောထားရန် မဖြစ်နိုင်သည့်နောက် သီးခြားခွဲထားရန်အတွက် ယခုကဲ့သို့ အကျဉ်းခန်းငယ်လေးများကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။

အလျား(၁၅)ပေ၊ အနံ(၁၂)ပေမျှသာ ကျယ်ဝန်းပြီး လူတစ်ရပ် သာသာမျှသာ အမြင့်ရှိသည့် အကျဉ်းခန်းငယ်လေးများသည် (၇၂)နာရီကြာ ယာယီထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့်သာ ဒီဇိုင်းထုတ် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ သာမန်အားဖြင့် ယင်းအခန်းလေးများတွင် လူ(၅)ဦးထက် ပိုထားရန် မသင့်တော်ချေ။ သို့သော်လည်း လက်ရှိ အခြေအနေတွင် ယင်းတို့ကို အမြဲတမ်း အချုပ်ခန်းများ အနေဖြင့် မဖြစ်မနေ အသုံးပြုနေရခြင်း ဖြစ်သည်။ တွေ့သည့်နေရာတွင် သွေးထွက်သံယိုဖြစ်အောင် တိုက်ခိုက်သတ်ဖြတ်လေ့ ရှိကြသည့် လူဆိုးဂိုဏ်း နှစ်ခုစလုံးကလည်း ကျဉ်းမြောင်း ကျပ်တည်းနေသည့်တိုင် မိမိတို့ တစ်ဖွဲ့တည်းသားချင်းသာ အတူထားပေးရန် တောင်းဆိုခဲ့ကြသည်။ လူသားတစ်ဦး နေထိုင်ရန် မည်သို့မျှ မသင့်တော်သော နေရာမျိုးတွင် လူပေါင်း(၃၀)မျှကို မဖြစ်မနေ ထည့်ထားရခြင်းသည် အကောင်းဆုံး အဖြေမဟုတ်သော်လည်း မိမိတို့ အနေဖြင့် ယင်းအခြေအနေကို မဖြစ်မနေ ကျင့်သုံးနေရဆဲဟု အယ်လ်ဆာဗေးဒိုး ရဲအရာရှိ တစ်ဦးက ဝန်ခံခဲ့သည်။

ဂိုဏ်းနှစ်ခုလုံးသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တောင်ပိုင်းမှ အခြေတည်လာခြင်း ဖြစ်ပြီး (၁၉၈၀)ပြည့်လွန် နှစ်များတွင် အမေရိက အလယ်ပိုင်း နိုင်ငံ၌ ဖြစ်ပွားသော ပြည်တွင်းစစ် နှောင်းပိုင်း၌ ပြောင်းရွှေ့ ခြေချသူများက ထူထောင်ခဲ့ကြသည်။ ထိုဂိုဏ်းနှစ်ခု၏ အပြန်အလှန် သတ်ဖြတ်မှုများက အယ်လ်ဆာဗေးဒိုးကို ရာဇဝတ်မှု ထူပြောသည့် နိုင်ငံတစ်ခုအဖြစ် စာရင်းဝင်စေခဲ့သည်။ ကုလသမဂ္ဂ၏ မှတ်တမ်းများအရ အယ်လ်ဆာဗေးဒိုးသည် ကမ္ဘာပေါ်တွင် လူသတ်မှု ဖြစ်ပေါ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး လူ(၁၀၀၀၀၀)တွင် (၆၆)ဦး သတ်ခံရလေ့ရှိကြေင်း သိရှိရသည်။ ယင်းထက် ပိုဆိုးသည့် နိုင်ငံမှာ အိမ်နီးချင်း ဟွန်းဒူးရပ်စ်ဖြစ်ပြီး လူ(၁၀၀၀၀၀)တွင် အသတ်ခံရသူ (၈၂.၁)ဦးရှိနေခဲ့သည်။ လက်ရှိတွင် MS-13နှင့် MS-18တို့သည် ဟွန်းဒူးရပ်စ်နှင့် အယ်လ်ဆာဗေးဒိုးတို့တွင် ဖြန့်ကျက် လှုပ်ရှားနေဆဲဖြစ်ပြီး အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ယင်းတို့ကို ပြီးပြတ်အောင် ဖြိုခွင်းနိုင်မှု မရှိသေးကြောင်း သိရှိရသည်။

Planet Myanmar Network