Home » » တိုင်းဒေသကြီး အစိုးရ အသုံးစရိတ် စိစစ်ရေး ကော်မတီဖွဲ့စစ်ရန် လွှတ်တော်ဥက္ကဋ္ဌ လက်မခံ

တိုင်းဒေသကြီး အစိုးရ အသုံးစရိတ် စိစစ်ရေး ကော်မတီဖွဲ့စစ်ရန် လွှတ်တော်ဥက္ကဋ္ဌ လက်မခံ

Written By Unknown on Thursday, September 19, 2013 | 1:52 PM

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အသုံးစရိတ် ဘဏ္ဍာငွေများကို စစ်ဆေးရန် စာရင်းစစ် ပညာရှင်များ ပါဝင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ တိုက်တွန်းချက်ကို လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပယ်ချလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

စက်တင်ဘာ ၁၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ခုနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာငွေစာရင်းကို ထပ်မံဖြည့်စွက်ရန် တင်ပြငွေ စာရင်းကို လွှတ်တော် အတည်ပြုချက် တောင်းခံရာတွင် ဒေါက်တာညိုညိုသင်းက ယင်းသို့ တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီး လွှတ်တော်အတွင်း ဘဏ္ဍာရေးကော်မတီ ဖွဲ့စည်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်နေသောကြောင့် ဖွဲ့စည်းရန် မဖြစ်နိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားသည်။

“စာရင်းစစ်ကော်မတီ ဖွဲ့စည်းချင်ရင် အခြေခံဥပဒေ ပြင်မှပဲရမယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အရေးအကြီးဆုံးဖြစ်သော ဘဏ္ဍာရေး အခြေအနေကို ပွင့်လင်း မြင်သာစွာ ချပြသင့်ပြီး ဝန်ကြီးဌာနများသည် ရှေ့လုပ်ငန်းစဉ်များတွင် ပြည်သူ့ဘဏ္ဍာငွေများကို အလဟဿ မဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“မလိုအပ်တဲ့ နေရာမှာသုံးရင် ဘဏ္ဍာငွေ ဖြုန်းတီးရာ ရောက်ပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၇၁ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးငွေ စာရင်းများကို စစ်ဆေး၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များကို တင်ပြနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်ကို ခန့်အပ်ရန်ဟု ဖော်ပြပါရှိသည်။

(ဟိန်းသွင်ထက်)
The Voice Weekly