Home » » ဝှေပိန်းချောင်းဘေးရှိ ရွှေသတ္တု တူးဖော်ရေး လုပ်ကွက်၌ မြေပြို၍ လူလေးဦးသေဆုံး

ဝှေပိန်းချောင်းဘေးရှိ ရွှေသတ္တု တူးဖော်ရေး လုပ်ကွက်၌ မြေပြို၍ လူလေးဦးသေဆုံး

Written By Unknown on Friday, September 13, 2013 | 11:02 AM

ဟုမ္မလင်း၊  စက်တင်ဘာ ၁၁ ရက်၊

စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်ဖာဖာကျေးရွာ အနောက်ဘက် နှစ်မိုင်ခန့်အနီးရှိ ဝှေပိန်းချောင်း ရွှေလုပ်ကွက်တွင် ယခုလ  ၉ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်ခန့်က မြေပြို၍
ရွှေလုပ်သား လေးဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း ပင်ဖာဖာကျေးရွာခံ ပြည်သူတစ်ဦးမှ ဆက်သွယ်ပြောကြားသည်။

အဆိုပါ မြေပြိုကျ၍ လူလေးဦးသေဆုံးခဲ့ရသည့် အခင်းဖြစ်အရပ်သို့ ဟုမ္မလင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဦးနှင့် အဖွဲ့မှလည်း လာရောက်ခဲ့သည်ဟု ထိုသူက ဆက်လက်၍ ဆိုသည်။

ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားသတင်းအတည်ပြုချက် ရယူနိုင်ရန် ဟုမ္မလင်းဒေသခံ ရွှေလုပ်ငန်းရှင်တစ်ဦးအား ဆက် သွယ်မေးမြန်းခဲ့ရာ ထိုသူမှ “ သေဆုံးသူစာရင်းအရ ဆိုရင်တော့ ကိုဝင်းကျော်၊ အသက်(၃၄)နှစ်၊(ဘ) ဦးထွန်ရှင် ခုံသာကျေးရွာ၊ ဖောင်းပြင်မြို့နယ်၊ မောင်မင်းသန်းနိုင် အသက်(၂၁) နှစ်၊ (ဘ) ဦးကြည်မြင့်၊ ချိုင်ကျေးရွာ၊ ကနီမြို့နယ်၊ မခင် စန်ရီ အသက်( ၃၅) နှစ်၊ သည်မကျေးရွာ၊ ဖောင်းပြင်မြို့နယ်၊ ဆိုသူနှင့် မောင်အောင်အောင်စိုး အသက်(၃၅)နှစ် (ဘ) ဦးသာ ဖေ သည်မကျေးရွာ၊
ဖောင်းပြင်မြို့နယ်နေသူတို့ဖြစ်ပါတယ်..” ဟု အတည်ပြု တုန့်ပြန်ပြောကြားခဲ့သည်။

အဆိုပါ မြေပြိုကျမှု ဖြစ်ပွားစဉ်တွင် သေဆုံးသူ လူလေးဦးနှင့်အတူ ရွှေတူးဖော်ရေး လုပ်ငန်းသုံး ရေစုပ်စက်ကြီးများအား ရေနစ်မြုတ်တော့မည့် အခြေအနေကြောင့် ဆယ်ယူထုတ်ဆောင်နေသည့်အချိန်တွင် အသက်ဘေးမှ လွတ်မြောက်လာသူ လူနှစ်ဦးလည်းရှိခဲ့ကြောင်း သိရသည်။ ထိုသူများမှာ မောင်စိုင်းချစ်ထူး ဆိုသူနှင့် မောင်မိုးဇော်ဦး ဆိုသူ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ကိုဝင်းကျော် ဆိုသူအပါအ၀င် သေဆုံးသူ လူလေးဦးနှင့် ပတ်သက်၍ ဟုမ္မလင်းမြို့မ ရဲစခန်းမှ မည်သည့်အတွက်ကြောင့် ထို သူတို့သေဆုံးရသည်ကို ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၁၆/ ၂၀၁၃ အရ အမှုရေးဖွင့် ထားသည်ဟု  စုံစမ်းသိရှိရသည်။

ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းများ အများအပြားရှိသော်လည်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှု အလွန်နဲပါးသည့်အ တွက် ထိုဒေသ၌ မကြာခဏ ရွှေလုပ်သားကြီးများ သေဆုံးလျက်ရှိခဲ့ရာ ယခုလ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ရွှေတွင်းကျေးရွာအုပ်စု နံဝလောင်းရွှေမှော်လုပ်ကွက်ရှိ စိန်ရတနာ ကုမ္မဏီပိုင် ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်အမှတ် FSMN – 66 ၌ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှု နဲပါး သည့်အတွက် ရွှေတူးဖော်ရေး လုပ်သားကြီးတစ်ဦး မြေပြိုကျသဖြင့် တွင်းပိ၍ သေဆုံခဲ့ရကြောင်း ၎င်းကုမ္မဏီ ၀န်ထမ်းများထံ မှသိရှိရသည်။

သတင်း၊ ကိုဇေယျာမောင်
by Myanmar News Now